ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
တရုတ်နိုင်ငံမှာ ဥပဒေချိုးဖောက်မှုတွေကြောင့် စုံစမ်းစစ်ဆေးခံနေရတဲ့ ထိပ်တန်း စစ်ဘက်အရာ ရှိကြီးနှစ်ဦးကို စက်တင်ဘာ ၂၁ ရက်မှာ ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းမီဒီ ယာတွေက ဖော်ပြပါတယ်။
ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံလိုက်ရသူတွေအနက် ဗိုလ်ချုပ်ကြီး ကျောင်ယူကျားဟာ ဗဟိုစစ် ကော်မရှင် (CMC) ဒုတိယဥက္ကဋ္ဌ ရာထူးကို တာဝန်ယူထားပြီး တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး စစ်ဘက်အရာ ရှိကြီးတစ်ဦး ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး လျူကျန်လီနဲ့အတူ ကျောင်ယူကျားဟာ စည်းကမ်းနဲ့ ဥပဒေကို ချိုးဖောက်ခဲ့မှု သံ သယနဲ့ ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံရတာဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံရေးမှာ လာဘ်ပေးလာဘ်ယူ ပြု လုပ်မှုကို ရည်ညွှန်းလေ့ရှိတာပါ။

သမ္မတ ရှီကျင့်ဖျင်ရဲ့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး စီမံချက်အရ အရေးယူခံရသူတွေထဲမှာ ဗိုလ်ချုပ်ကြီး ကျောင်ယူကျား ပါဝင်သွားခဲ့မှုက စောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကို များစွာ အံ့အားသင့်စေခဲ့ပါတယ်။
အဆိုပါ ထိပ်တန်း အရာရှိကြီးနှစ်ဉီးဟာ ငွေကြေးပမာဏ လွန်စွာများပြားတဲ့ လာဘ်စားမှုမှာ ပါဝင် နေကြောင်း ဆင်ဟွာသတင်းဌာနက စက်တင်ဘာ ၂၁ ရက်မှာ ပထမဆုံးအကြိမ် ဖော်ပြခဲ့ပါတယ်။
ပေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ထိပ်တန်းအရာရှိများ အစည်းအဝေးမှာ လျူကျန်လီနဲ့ ကျောင်ယူကျား ကို ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ တရားရေးအဖွဲ့အစည်းများထံ လွှဲပြောင်းတရားစွဲဆို ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၎င်းတို့နှစ်ဦးဟာ ဂိုဏ်းဂဏဖွဲ့ခြင်း၊ ကိုယ်ကျိုးအတွက် များပြားလှသော ငွေကြေးတွေကို လက်ခံ ခြင်းများ ပြုလုပ်ခဲ့ပြီး ပါတီအပေါ် သစ္စာမဲ့ကာ စည်းမျဉ်းတွေကို ကျော်လွန်ခဲ့ကြတာပါ။
မိမိတို့ရဲ့ ရာထူးအာဏာကို အသုံးပြုပြီး အခြားသူတွေ ရာထူးတိုးမြှင့်ရေးကိစ္စတွေမှာ ကူညီပေးခဲ့ ကြောင်း စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို ကိုးကားပြီး ဆင်ဟွာသတင်းက ဖော်ပြပါတယ်။
ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်တဲ့ အဆိုပါဆုံးဖြတ်ချက်ဟာ တရုတ်စစ်တပ်အတွင်း လာဘ် စားသူတွေ ခိုလှုံခွင့် မရစေရဆိုတဲ့ ပြတ်သားသော သဘောထားကို ပြသလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်း လျူကျန်လီနဲ့ ကျောင်ယူကျားတို့ကို ဗဟိုစစ်ကော်မရှင်မှ ၎င်းတို့ရဲ့ ရာထူးတွေ ကို ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။
ကိုးကား – AFP
Ref; China expels generals accused of graft from Communist Party: State media