‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂၃ရက်

‎ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း တိုက်ပွဲများအရှိန်မြင့်တက်လာမှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရစဉ် စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများ သေဆုံးဒဏ်ရာရမှုများ ရှိနေကာ စစ်ဘေးရှောင်များအား လက်မခံရန် စစ်တပ်၏ တားမြစ်မှုများလည်း ကြုံတွေ့နေရသည်။

‎ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာသို့ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တိမ်းရှောင်နေသည့် အမျိုးသမီး စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

‎”တော်လှန်ရေးတပ်တွေ လေးမျက်နှာမှာ စိုးမိုးနယ်မြေတွေရှိပေမယ့် စခန်းချ အထိုင်စခန်းမျိုးမရှိဘူး။ ဗုံးကြဲနေတာလည်း ပန်းတောကြီးနဲ့ နီးစပ်တဲ့တဝိုက်တွေ ကြဲခံရတာ” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်တပ်သည် ယခင်လက်လွှတ်ခဲ့ရသည့် လေးမျက်နှာမြို့နယ်ရှိ နယ်မြေများကို ပြန်လည်ထိန်းချုပ်ရန် စစ်အင်အားဖြည့်တင်းကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

ထို့အပြင် လေးမျက်နှာမြို့နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ကွင်းကောက် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ သွားရောက်ခိုလှုံရန် ကြိုးပမ်းကြသည့် စစ်ဘေးရှောင်များကို စစ်တပ်၏ အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက လက်မခံရန် ဖိအားပေးတားမြစ်ထားကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များကို ကွင်းကောက် တောင်ဘက်ကမ်းရှိ ကျောက်စိမ်းဘုရားဝင်းအတွင်း စုစည်းခိုလှုံစေလျက်ရှိပြီး ယခင်က မြတ်ဓမ္မရောင်ခြည်နေရာတွင် ထားရှိသော်လည်း နေရာမဆံ့တော့သဖြင့် ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆိုပါစခန်းတွင် အမိုးအကာ မလုံလောက်ခြင်း အပါအဝင် အခက်အခဲပေါင်းများစွာဖြင့် နေထိုင်နေကြရသည်။

‎ယင်းကဲ့သို့ ကျောက်စိမ်းဘုရားဝင်းအတွင်း စစ်ဘေးရှောင်များကို စုစည်းထားသည့်အပြင် အနီးဝန်းကျင်တွင် စစ်တပ်၏ စခန်းများ၊ ရဲစခန်းများရှိနေပြီး ဒေသအတွင်း စစ်တပ်၏ တိုက်လေယာဉ်များ နိမ့်နိမ့်ပျံသန်းနေသဖြင့် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခံရမည်ကို စစ်ဘေးရှောင်များ လွန်စွာစိုးရိမ်ထိတ်လန့်နေကြသည်။

‎ဒေသခံအချို့က စစ်တပ်သည် ဒေသခံပြည်သူများကို စစ်ရေးအရ အကာအကွယ်ယူရန် လူသားဒိုင်း အဖြစ် အသုံးပြုနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

ထိုသို့ စစ်ဘေးရှောင်များကို မြို့ပေါ်က လက်မခံရန်တားမြစ်ထားပြီး စစ်ရေးနှင့်နီးသည့်နေရာတွင် စုပုံထားသည့်လုပ်ရပ်မှာ အထက်အရာရှိများ၏ ညွှန်ကြားချက်ကြောင့် ဖြစ်နိုင်ကြောင်း ယူဆနေကြပြီး လက်ရှိအချိန်ထိ အကူအညီထောက်ပံ့မှု မရရှိသေးဘဲ ပြည်သူအချင်းချင်းသာ ရိုင်းပင်းကူညီကာ ရုန်းကန်နေကြရကြောင်း သိရသည်။

‎ဓာတ်ပုံ- လူမှုကွန်ရက်၊ သတင်းအထူးတပ်ဖွဲ့ ပုသိမ်