ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် ပရဟိတလုပ်ငန်းများကြောင့် နာမည်ကြီးသည့် ထိုင်းအလှမယ်ဟောင်း Boom Panadda ထံမှ တန်ဖိုးကြီး ဇိမ်ခံလက်ကိုင်အိတ်များအပါအဝင် ပိုင်ဆိုင်မှုအများအပြားကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

Do Good Organization Foundation ဥက္ကဌ ဖြစ်သူ ထိုင်းအလှမယ်ဟောင်း၊ မင်းသမီးနှင့် ရုပ်သံတင်ဆက်သူ အသက် ၅၀ အရွယ် Boom Panadda Wongphudee ကို အများပြည်သူအား လိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် ဆိုင်ဘာနည်းပညာဥပဒေ ချိုးဖောက်မှု စသည့် ပြစ်မှုသုံးခုဖြင့် စီးပွါးရေးမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

 

တာဝန်ရှိသူများက ၎င်းနှင့် ဆက်စပ်နေသည့် ဘဏ်အကောင့် ၁၇ ခုအပြင် ဇိမ်ခံအိမ်များ၊ မြေကွက်များ၊ ကားအစီး ၂၀ ကျော်နှင့် တန်ဖိုးကြီးလက်ဝတ်ရတနာပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး အဆိုပါပစ္စည်းများကို အလှူငွေဖြင့် ဝယ်ယူထားခြင်း ရှိ၊ မရှိ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

စစ်ဆေးမှုများအရ အလှူငွေများဖြင့် Hermès၊ Louis Vuitton၊ Gucci၊ Chanel၊ Celine စသည့် တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်အိတ်များနှင့် လက်ဝတ်ရတနာများ ဝယ်ယူခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် စစ်ဆေးမှုများအရ Panadda နှင့် ဆက်စပ်နေသည့်ဘဏ်အကောင့် သုံး ခုတွင် အမေရိကန်ဒေါ်လာ ၂၇.၁၆ သန်း(ဘတ် ၉၁၀.၈ သန်း) ရှိခဲ့ပြီး ဒေါ်လာ ၂၆.၁၄ သန်းခန့် ပြန်လည်ထုတ်ယူထားကာ လက်ကျန်ငွေ ဒေါ်လာ ၁.၀၂ သန်းခန့်ကျန်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် Panadda အား ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(CIB) သို့ခေါ်ယူကာစစ်ဆေးနေပြီး သူမ၏ခင်ပွန်းဖြစ်သူ Atip Anantawan ကိုပါ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

အလှမယ်ဟောင်း Panadda သည် ၂၀၀၀ ခုနှစ်တွင် Miss Thailand အလှမယ်ဘွဲ့ရရှိပြီးနောက် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကာ သူမ၏ပရဟိတလုပ်ဆောင်မှုများကြောင့် နာမည်ကျော်များနှင့် ပြည်သူအများအပြားက ယုံကြည်ကာ အလှူငွေများလှူဒါန်းခဲ့ကြောင်းခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား-Khaosod English