ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် စာသင်ကျောင်းကို အာဏာသိမ်း ရွေးတုအစိုးရတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ကနီမြို့နယ်၊ ညောင်ပင်လယ်ကျေးရွာရှိ NUG စာသင်ကျောင်းကို ယနေ့ နိုဝင်ဘာ ၇ ရက်၊ နေ့လည်ပိုင်းတွင် ရွေးတုအစိုးရတပ်က ဂျိုင်ရိုကော်ပတာများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်ဗုံးကြဲ တိုက်ခိုက်သွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံတို့မှ သိရသည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး မီးလောင်သွားပြီး ကျောင်းအတွင်း နေထိုင်ကြသူ ဆရာ/ဆရာမ၊ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၁ဦးသေဆုံး၍ ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ကနီမြို့နယ် ညောင်ပင်လယ်ကျေးရွာ စစ်ရှောင်များရှိရာ စာသင်ကျောင်း ဂျိုင်ရိုကော်ပတာနှင့် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၁ ဦးရှိတယ်လို့ လက်တလောသိထားပါတယ်ဗျ”ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

 

ရွေးတုအစိုးရတပ်သည် ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးအထိနာသဖြင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ/ဆေးခန်း၊ စာသင်ကျောင်း၊ ဈေးနှင့် ‌ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ-ရွေးတုအစိုးရတပ်က ဗုံကြဲထားသည့် ကနီမြို့နယ်က စာသင်ကျောင်းများ (ပုံဟောင်း)