ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတဲ့ ဒစ်ဂျစ်တယ်ဘဏ်တစ်ခု ပြိုလဲသွားပြီးနောက် ပါရာဂွေးသမ္မတ စန်တီယာဂိုပီနာကို ရာထူးမှဖြုတ်ချလိုက်ပြီး နေအိမ် အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပါတယ်။
Ueno ဘဏ် ပြိုလဲမှုကြောင့် လွှတ်တော်အမတ်တွေက သမ္မတရာထူးမှ ဖယ်ရှားဖို့ တညီတညွတ်တည်း မဲပေးခဲ့ပြီးနောက် စန်တီယာဂို ဖမ်းဆီးခံလိုက်ရတာပါ။
စန်တီယာဂိုက သောကြာနေ့မှာ ရာထူးမှနှုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် အထက်လွှတ်တော် အမတ်တွေက လက်မခံဘဲ ရာထူးမှဖြုတ်ချကာ မလျော်ဩဇာသုံးမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။
ဒစ်ဂျစ်တယ် ဘဏ်ပြိုလဲသွားပြီးနောက် ပါရာဂွေး ဗဟိုဘဏ်က ထိန်းချုပ်လိုက်ရာ နိုင်ငံလူဦးရေရဲ့ ဝက်ကျော်ခန့်ဟာ စုဆောင်းငွေတွေကို ထုတ်ယူခွင့် မရတော့ပါဘူး။
ခန့်မှန်းခြေ လူဦးရေ ၃ သန်းခန့်ဟာ စုဆောင်းငွေနဲ့ ပင်စင်လစာတွေကို ထုတ်ယူနိုင်ခြင်း မရှိတော့လို့ မြို့တော် အာဆွန်စီယွန် အပါအဝင် ဒေသများစွာမှာ ဆန္ဒပြမှုတွေ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေပါတယ်။
စန်တီယာဂိုကို ရာထူးမှဖယ်ရှားဖို့ စွဲချက်တင်ခဲ့တဲ့ အကြောင်းအရင်းတွေမှာ အကျိုးစီးပွား ပဋိပက္ခတွေ ရှိနေခြင်း၊ ပင်စင် ရန်ပုံငွေ အလွဲသုံးစားပြုခြင်းနဲ့ ဗဟိုဘဏ် ပါဝင်သော အဖွဲ့အစည်းဆိုင်ရာ ဖုံးကွယ်ခြင်းတို့ ပါဝင်ပါတယ်။
အစိုးရ ရှေ့နေတွေက စန်တီယာဂိုကို ယုံကြည်မှု ပျက်ပြားစေမှု၊ ဩဇာအာဏာ အလွဲသုံးစားပြုမှုနဲ့ ရန်ပုံငွေများ အလွဲသုံးစားမှု စတဲ့ စွဲချက်တွေနဲ့ စစ်ဆေးမေးမြန်းမယ်လို့ ထုတ်ပြန်ထားပါတယ်။
အထက်လွှတ်တော် မဲခွဲမှုတွင် အမတ် ၄၅ ဦးအနက် ၄၄ ဦးက စန်တီယာဂိုကို ရာထူးမှ ဖြုတ်ချဖို့ ထောက်ခံမဲ ပေးခဲ့ကြပြီး အမတ် တစ်ဦးသာ ပျက်ကွက်ခဲ့တာပါ။
ပါရာဂွေး ဒုတိယသမ္မတ ပက်ဒရို အယ်လီယာနာက ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
ယာယီသမ္မတ အယ်လီယာနာက ဘဏ္ဍာရေး ပြိုလဲမှုကြောင့် အခက်အခဲ ကြုံတွေ့နေရတဲ့ နိုင်ငံသားတွေအနေနဲ့ လျှော်ကြေးတွေ ပြန်လည်ရရှိမယ်လို့ ကတိပြုခဲ့ပါတယ်။
News: BBC
Ref; Paraguay’s President Santiago Peña impeached and arrested