ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
Tren de Aragua – TdA အကြမ်းဖက်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်ရေး သို့မဟုတ် တရားစွဲဆို ပြစ်ဒဏ်ချမှတ်နိုင်ရေး သတင်းပေးသူတွေကို အမေရိကန်ဒေါ်လာ သန်း ၅၀ ဆုငွေ ချီးမြှင့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်တွင် ကြေညာလိုက်ပါတယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေးဗျူရိုက ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန (DEA) နဲ့ တရားရေးဌာနတို့ ပူးပေါင်းပြီး နိုင်ငံဖြတ်ကျော် အဖွဲ့အစည်းဆိုင်ရာ ရာဇဝတ်မှု ဆုငွေအစီအစဉ်အရ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
TdA ဟာ အမေရိကန်အစိုးရ အသိအမှတ်ပြုခဲ့တဲ့ အန္တရာယ်ရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ယခုဆုငွေထုတ်ထားတဲ့ ထိပ်တန်းခေါင်းဆောင် သုံးဦး ပါဝင်နေပါတယ်။
အဖွဲ့ခေါင်းဆောင် ယိုဟန်ဟိုဆေး ရိုမဲရိုရဲ့ ဆုငွေကို ယခင် ဒေါ်လာ ၄ သန်းမှ ဒေါ်လာ သန်း ၂၀ အထိ တိုးမြှင့်လိုက်ပြီး ဂျီယိုဗာနီ ဗီဆင်တေး မိုစကွေရာဆာရာနိုရဲ့ ဆုငွေကိုလည်း ဒေါ်လာ ၅ သန်းမှ ဒေါ်လာ ၁၅ သန်းအထိ တိုးမြှင့်လိုက်ပါတယ်။
ဟွမ်ဂါဘရီယယ် ရီဗတ်စ်နူညက်ဇ်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ဆုငွေအသစ် ထပ်မံ ထုတ်ပြန်ပေးထားကြောင်း သိရပါတယ်။
ရိုမဲရိုဟာ လက်ရှိ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ဗင်ဇွဲလားနိုင်ငံအတွင်း တရားမဝင် ရွှေတူးဖော်မှုနဲ့ လူသတ်မှု အပါအဝင် အဖွဲ့ရဲ့လုပ်ငန်းတွေကို ကွပ်ကဲနေသူ ဖြစ်ပါတယ်။
မိုစကွေရာဆာရာနိုနဲ့ ရီဗတ်စ်နူညက်ဇ်တို့က ရိုမဲရိုရဲ့ လက်ထောက်တွေ ဖြစ်ကြပြီး မိုစကွေရာ ဆာရာနိုက အမေရိကန်၊ ကိုလံဘီယာနဲ့ ဗဟိုအမေရိကရှိ လုပ်ငန်းတွေကို တာဝန်ယူပြီး ရီဗတ်စ်နူညက်ဇ်က ဗင်ဇွဲလားနိုင်ငံရှိ လုပ်ငန်းတွေကို ကြီးကြပ်ပါတယ်။
မိုစကွေရာဆာရာနိုဟာ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ အလိုရှိဆုံး ဝရမ်းပြေး ၁၀ ဦးစာရင်း ပါဝင်သူဖြစ်ပြီး ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ဓားပြတိုက်ခြင်း စတဲ့အကြမ်းဖက်မှုတွေကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဇူလိုင် ၂၉ ရက်နေ့က တက္ကဆပ်ပြည်နယ်၊ တောင်ပိုင်းခရိုင်တရားရုံးမှာ တင်သွင်းခဲ့တဲ့ စွဲချက်တင်လွှာအရ အဆိုပါ ခေါင်းဆောင်သုံးဦးကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအား ထောက်ပံ့ပေးမှု၊ ထောက်ပံ့ရန် ကြိုးပမ်းမှုတို့နဲ့ စွဲချက်တင်ထားတာပါ။
မိုစကွေရာဆာရာနိုကို နိုင်ငံတကာ ကိုကင်းဖြန့်ဖြူးမှု၊ တရားမဝင် ပူးပေါင်းကြံစည်မှုတို့နဲ့ ထပ်မံ စွဲချက်တင်ထားကြောင်း သိရပါတယ်။
News: US Department of State
Ref; Reward Offers Totaling Up to $50 Million for Information Leading to Arrests and/or Convictions of Leaders of Foreign Terrorist Organization Tren de Aragua