ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

 

ယခုရက်ပိုင်းအတွင်းရန်ကုန်မြို့၌ စက်သုံးဆီပြတ်လပ်မှုကြုံတွေ့နေရသော်လည်း နယ်မြို့များတွင်ပိုမိုဆိုးရွား ဝါးနေပြီး ဆီဆိုင်အများစုပိတ်ထားကြောင်းသတင်းရရှိသည်။

 

နိုဝင်ဘာ ၆ ရက်မှ ၉ ရက်နေ့အထိ ရွေးတုအစိုးရစက်သုံးဆီရည်ညွှန်းဈေးသည် ယခုတစ်ပတ်တွင် ဓာတ်ဆီဈေးနှုန်း ( ဈေးနှုန်း ၁၀ ကျပ်) ကျပြီး ဒီဇယ်ဈေးနှုန်း ( ၄၀ ကျပ်)တက်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ ထုတ်ပြန်သည်။

 

ရန်ကုန်အထိုင်ဈေး ၉၂ တစ်လီတာလျှင် ၄၅၃၀ ကျပ်ဖြင့် ( ဈေးနှုန်း ၁၀ ကျပ်လျော့) ဓာတ်ဆီ ၉၅ တစ်လီတာလျှင် ၄၅၅၀ ကျပ် ( ဈေးနှုန်း ၄၀ ကျပ်တက်) ဒီဇယ်ဆီ ၄၅၅၅ ကျပ် ( ဈေးနှုန်း ၄၀ ကျပ်တက်) ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ ထုတ်ပြန်သည်။

ရွေးတုအစိုးရသည် နိုင်ငံခြားသုံးငွေဖြင့်ဝယ်ယူရသော ကုန်စည်များဝယ်ယူမှု အဆင့်ဆင့်လျော့ချနေရာ၌ ယခုလပိုင်းတွင် စက်သုံးဆီတင်သွင်းမှုလျော့ချပြီး ပြန်လည်ဖြန့်ဝေရာတွင်ခွဲတမ်းနည်းပါးမှုများရှိကြောင်း စက်သုံးဆီရောင်းချသူတစ်ဦးက ပြောကြားသည်။

 

“ရန်ကုန် – ပုသိမ်လမ်းတစ်လျှောက်လုံးမှာ ဆီမရတဲ့ကိစ္စတော်တော်ဆိုးနေတယ်။ ကားတွေအကုန် ဆီပြဿနာကြုံနေရတယ်။ ဆီရတဲ့ဆိုင်အချို့မှာ အကုန်မရဘူး။ ကားတွေတန်းစီနေရတယ်။ တစ်လမ်းလုံး ဆီဆိုင်တော်တော်များများ အရောင်းပိတ်ထားရတယ်” ဟု ရန်ကုန်မှ ပုသိမ်ကားစီးခရီးသည်တစ်ဦးက ပြောကြားသည်။

 

ထို့ပြင် ရွေးတုအစိုးရ၏ လုပ်ပိုင်ခွင့်ရှိသူများက စက်သုံးဆီခွဲတမ်းကိုအကြောင်းပြကာ လာဘ်ပေးလာဘ်ယူများရှိပြီး စက်သုံးဆီဆိုင်များခွဲတမ်းရရှိမှုက တန်းတူညီမျှမှုမရှိကြောင်း၊ ခရိုနီပိုင်စက်သုံးဆီဆိုင်များတွင် QR code မဖတ်ဘဲရောင်းမှုကိုတိုင်တန်းသော်လည်း အရေးယူမှုမရှိကြောင်း စက်သုံးဆီရောင်းချသူတစ်ဦးက ဆိုသည်။

 

“ဆီဆိုင်တွေ အများစုကခရိုနီတွေပိုင်တာပါပဲ။ သူတို့တွေက စစ်တပ်သတ်မှတ်ထားတဲ့ဈေးနဲ့ ရောင်းရတာမကိုက်လို့ ဆီမှောင်ခိုရောင်းနေတာတွေရှိတယ်။ သူတို့စစ်ဆေးတာမခံရအောင်လို့ စစ်တပ်တို့ ရဲတို့နဲ့ ဌာနဆိုင်ရာတွေကို QR Code မဖတ်ဘဲဆီရောင်းပေးတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ယင်းပြင်စက်သုံးဆီများကို တော်လှန်ရေးတပ်ဖွဲ့မျာစိုးမိုးရာနယ်မြေထဲသို့ရောက်ရှိခြင်းမရှိစေရန်နှင့် တရားမဝင်ရောင်းချမှုမရှိစေရန်အတွက် ဆီသယ်ယာဉ်များကို GPS ဖြင့်စောင့်ကြည့်ခြင်း၊ QR ဖတ်ပြီးနောက် ကြောင်းစစ်ဆေးခြင်းတို့ပြုလုပ်နေကြောင်းသိရသည်။

 

လက်ရှိတွင်ရန်ကုန်မြို့အပါအဝင် မြို့အများအပြားတွင် စက်သုံးဆီဝယ်ယူခွင့်ခက်ခဲနေသော်လည်း စက်သုံးဆီရောင်းချသော Moon Sun ဆီဆိုင်များနေရာအနှံ့အပြားတွင်ဖွင့်လှစ်နေပြီး အခြားခရိုနီပိုင်ဆိုင်များလည်း ထပ်တိုးဖွင့်လှစ်နေကြောင်းသိရသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်