ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ်မြေ မဇောကျေးရွာအုပ်စု၊ မဇောကျေးရွာကို ရွေးတုအစိုးရလက်အောက်ခံစစ်တပ်က ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် K8W ဂျက်ဖိုက်တာ တစ်စီး၊ ဂျိုင်ရိုကော်ပတာ သုံး စီးဖြင့် တစ်ပြိုင်နက်တည်း ဗုံးကြဲပစ်ခတ်ခဲ့ရာ မဇောကျေးရွာအတွင်းရှိ ဒေသခံ သုံး ဦး သေဆုံးကာ ခုနစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ သုံး ဦးမှာ မသန်စွမ်းတစ်ဦး၊ အမျိုးသမီး တစ် ဦးနှင့် အမျိုးသား တစ် ဦးတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ခုနစ် ဦးတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပြီး နေအိမ် တစ်လုံး၊ မူကြိုကျောင်း တစ်ကျောင်း နှင့် ဆိုင်ကယ် တစ် စီး တို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့်အောက်တိုဘာ ၃၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ကညင်ချောင်း ကျေးရွာကို စစ်တပ်ကK8W ဂျက်ဖိုက်တာများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံ လေး ဦးသေဆုံးပြီး သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – KNU