ဆောင်းပါးရှင် – TBR Commentary
နိုဝင်ဘာ ၇ရက်
“ကြားနေ” ဆိုတဲ့ လှည့်စားမှု
“ကျွန်တော် နိုင်ငံရေး စိတ်မဝင်စားဘူးဗျာ… ဘယ်သူတက်တက် ကိုယ့်ထမင်းကိုယ်ရှာစားရတာပဲ… နိုင်ငံရေးက ညစ်ပတ်တယ်၊ ကျွန်တော်နဲ့ မဆိုင်ပါဘူး။”
ဒီစကားစုဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အကြားရဆုံး၊ အပြောရဆုံး စကားတခွန်းပါ။ တခါတလေတော့လည်း ဒီစကားက လူတယောက်ရဲ့ ‘ကြားနေမှု’ ဒါမှမဟုတ် ‘အေးအေးဆေးဆေး နေချင်မှု’ ကို ပြသရာရောက်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့… တကယ်ရော ဟုတ်ရဲ့လား။
တကယ်တော့ “ကျွန်တော် နိုင်ငံရေး စိတ်မဝင်စားဘူး” လို့ ပြောလိုက်တဲ့ အခိုက်အတန့်မှာတင် သင်ဟာ နိုင်ငံရေး ဆုံးဖြတ်ချက်တခုကို ချလိုက်ပြီးသား ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့… ကမ္ဘာပေါ်မှာ နိုင်ငံရေးနဲ့ ကင်းစင်တဲ့ နေရာဆိုတာ သုသာန်မှာတောင် မရှိလို့ပါပဲ။
စဉ်းစားကြည့်ရအောင်။ သင် မနက်နိုးနိုးချင်း မျက်နှာသစ်ဖို့ ဖွင့်လိုက်တဲ့ ရေထဲမှာ ကလိုရင်း ဘယ်လောက်ပါရမလဲဆိုတာ နိုင်ငံရေးသမားတွေ ဆုံးဖြတ်တာပါ။ သင် သုံးနေတဲ့ အင်တာနက်လိုင်းက ဘာလို့ နှေးနေရတာလဲ၊ ဘာလို့ ဈေးကြီးနေတာလဲဆိုတာ နိုင်ငံရေး ဆုံးဖြတ်ချက်ပါ။ အလုပ်သွားဖို့ ဆိုင်ကယ်ဆီ ထည့်တဲ့အခါ ဆီတစ်လီတာကို ဘယ်လောက် ပေးရမလဲဆိုတာ လွှတ်တော်ထဲက ဒါမှမဟုတ် ရုံးခန်းထဲက လူတစုရဲ့ မူဝါဒတွေက ဆုံးဖြတ်ပေးလိုက်တာပါ။
သင်က နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ ပြောနိုင်ပေမဲ့၊ နိုင်ငံရေးကတော့ သင့်အိတ်ကပ်ထဲက ပိုက်ဆံ၊ သင့်ကလေးရဲ့ ကျောင်းစာအုပ်၊ သင်ဖြတ်သန်းနေတဲ့ လမ်းရဲ့ အရည်အသွေးအထိ တစက္ကန့်မလပ် စိတ်ဝင်စားနေပါတယ်။
ဒါကို ကျွန်တော် ဥပမာတခုနဲ့ ပြောပြချင်ပါတယ်။ သင်ဟာ ပင်လယ်ပြင်မှာ ခရီးနှင်နေတဲ့ သင်္ဘောကြီးတစီးပေါ်က ခရီးသည်တယောက် ဆိုပါစို့။ သင်္ဘောက ဘယ်ဘက်ကို ကွေ့မလဲ၊ ညာဘက်ကို ကွေ့မလဲဆိုတာ သင် စိတ်မဝင်စားဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်တော့မယ့်အချိန်၊ ဒါမှမဟုတ် ပဲ့ကိုင်ရှင်က အရက်မူးပြီး လမ်းကြောင်းမှားနေတဲ့အချိန်မှာ “ငါကတော့ ခရီးသည်ပဲ၊ ပဲ့ကိုင်တာ ငါနဲ့မဆိုင်ဘူး” လို့ ပြောပြီး ငြိမ်နေတာဟာ ကိုယ့်ကိုယ်ကို သတ်သေနေတာပါ။ ဘာလို့လဲဆိုတော့ သင်္ဘောနစ်ရင် ပဲ့ကိုင်ရှင်တင် မဟုတ်ဘဲ “စိတ်မဝင်စားဘူး” လို့ ပြောတဲ့ သင်ပါ အတူတူ နစ်မြုပ်ရမှာ ဖြစ်လို့ပါပဲ။
ဒီကနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ငါက နိုင်ငံရေး စိတ်မဝင်စားဘူးလို့ ပြောတာဟာ တကယ်တော့ အခွင့်ထူးခံနိုင်တဲ့ လူတန်းစားတရပ်ရဲ့ ဇိမ်ခံစကား ဖြစ်နေပါတယ်။ ဒါမှမဟုတ်ရင်လည်း… ဘာမှ မတတ်နိုင်တော့ဘူးလို့ ယူဆပြီး လက်လျှော့လိုက်တဲ့ စိတ်ပျက်မှု တမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ သင် နိုင်ငံရေးကို လျစ်လျူရှုထားတဲ့အတွက် သင့်ဘဝထဲက ဘာတွေ ဆုံးရှုံးနေရသလဲ။ သင် ပေးဆပ်နေရတဲ့ တန်ဖိုးက ဘယ်လောက်အထိ ကြီးမားနေသလဲ။ “နိုင်ငံရေးကို စိတ်မဝင်စားခြင်းအတွက် သင်ပေးဆပ်နေရတဲ့ တန်ဖိုး” အကြောင်းကို ဒီဆောင်းပါးအဆုံးမှာ တွေ့ရပါလိမ့်မယ်။
နိုင်ငံရေး စိတ်မဝင်စားသူ ၄ မျိုး
နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ ပြောတဲ့အခါ လူတိုင်းမှာ ကိုယ်စီ အကြောင်းပြချက်တွေ ရှိကြပါတယ်။ တချို့ကတော့ တကယ်ပဲ နားမလည်လို့၊ တချို့ကတော့ ကြောက်လို့၊ တချို့ကတော့ စိတ်ပျက်လို့ပါ။ ဒါကို နိုင်ငံရေးသိပ္ပံ ရှုထောင့်ကနေ ကြည့်ရင် ကျွန်တော်တို့ဟာ အဓိက အုပ်စုကြီး ၄ စုကို တွေ့ရပါလိမ့်မယ်။
(၁) “အခွင့်ထူးခံလူတန်းစား”
ဒီလူတွေအတွက်ကတော့ လက်ရှိစနစ်က သူတို့ကို ဘာမှ ဒုက္ခမပေးသေးပါဘူး။ စီးပွားရေးလည်း အဆင်ပြေတယ်၊ ဘဝကလည်း လုံခြုံနေသယောင် ရှိတယ်၊ အာဏာရှိသူတွေနဲ့လည်း ကင်းကင်းရှင်းရှင်း နေနိုင်ကြသူတွေပါ။ သူတို့အတွက် နိုင်ငံရေးဆိုတာ TV ထဲက သတင်းတခု ဒါမှမဟုတ် ထမင်းဝိုင်းမှာ ငြင်းခုန်စရာ အကြောင်းအရတခုထက် မပိုပါဘူး။ “ဘယ်သူတက်တက် ငါတို့ကတော့ အေးဆေးပဲ” လို့ ပြောနိုင်တာဟာ တကယ်တော့ သူတို့မှာ အကာအကွယ်တွေ ရှိနေလို့ပါ။
ဒါပေမဲ့ အဲဒီ အကာအကွယ်တွေက စနစ်တခုလုံး ပြိုလဲသွားတဲ့အခါမှာလည်း ဆက်ပြီး ရှိနေပါ့မလားဆိုတာကတော့ စဉ်းစားစရာပါ။
(၂) “ရှင်သန်ရေးသမားများ”
ဒါကတော့ ကျွန်တော်တို့နိုင်ငံမှာ အများဆုံး တွေ့ရတဲ့ အလွှာပါ။ ဒီလူတွေက နိုင်ငံရေးကို မုန်းလို့ မဟုတ်ပါဘူး၊ စဉ်းစားဖို့ အားမရှိတာပါ။ “ဒီနေ့ ထမင်းနပ်မှန်ဖို့ ဘယ်လိုရုန်းကန်ရမလဲ” ဆိုတဲ့ မေးခွန်းက “နိုင်ငံတော်ရဲ့ မူဝါဒက ဘာလဲ” ဆိုတဲ့ မေးခွန်းထက် ပိုပြီး ကြီးမားနေပါတယ်။ နေ့စဉ် စားဝတ်နေရေးအတွက်တင် အချိန်နဲ့ အားအင်တွေ ကုန်ဆုံးနေရတာကြောင့် နိုင်ငံရေးဟာ သူတို့အတွက် “ဇိမ်ခံပစ္စည်း” တခုလို ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ အရှိတရားကတော့… သူတို့ ဘာကြောင့် ဒီလောက် ပင်ပန်းနေရသလဲဆိုတဲ့ အဖြေကလည်း နိုင်ငံရေးထဲမှာပဲ ရှိနေတာပါပဲ။
(၃) “စိတ်ကုန်သွားသူများ”
ဒီအုပ်စုကတော့ တချိန်က နိုင်ငံရေးကို စိတ်ဝင်စားခဲ့ဖူးသူတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲတွေနောက်က စိတ်ပျက်စရာတွေ၊ ဖောက်ပြန်မှုတွေနဲ့ ညစ်ပတ်တဲ့ ကစားကွက်တွေကို မြင်တွေ့ခဲ့ရတဲ့အခါ “ဘယ်သူတက်တက် အတူတူပဲ” ဆိုတဲ့ Defensive Mechanism (ကိုယ်ခံအားစနစ်) တခုကို တည်ဆောက်လိုက်ကြတာပါ။ သူတို့ကတော့ နိုင်ငံရေးကို မသိတာ မဟုတ်ဘဲ သိလို့ကို စိတ်နာပြီး ရှောင်ဖယ်လိုက်ကြသူတွေပါ။
အထူးသဖြင့် ဒီနေရာမှာ ကျွန်တော် တခု ထည့်ပြောချင်တာက… လက်ရှိ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ ပြည်သူတွေ အကြောင်းပါ။ ကိုယ့်နိုင်ငံရဲ့ အခြေအနေတွေကို ကြည့်ပြီး စိတ်ကုန်သွားတာမျိုး၊ ‘ငါတို့နဲ့ မဆိုင်တော့ဘူး’ ဆိုပြီး ကျောခိုင်းလိုက်တာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်မကုန်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့… သင်က နိုင်ငံရေးကို စိတ်ကုန်ပြီး စွန့်လွှတ်လိုက်တဲ့ အခိုက်အတန့်မှာ၊ သင် မလိုချင်ဆုံး အကျိုးဆက်တွေက သင့်ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာတတ်လို့ပါပဲ။ သင် မလိုချင်ဆုံးလူတွေ၊ သင် အမုန်းဆုံး စနစ်တွေက သင့်ရဲ့ ကံကြမ္မာကို ဆက်ပြီး ခြယ်လှယ်ခွင့် ရသွားပါလိမ့်မယ်။ ဒါကြောင့် သင် ဘယ်ကမ္ဘာ့အစွန်အဖျားကိုပဲ ရောက်နေပါစေ… ‘စိတ်ကုန်ခြင်း’ ဆိုတဲ့ ထောင်ချောက်ထဲကို မကျဆင်းသွားဖို့ အရေးကြီးပါတယ်။
(၄) “ဗဟုသုတ နည်းပါးသူများ”
ဒီအလွှာကတော့ နိုင်ငံရေးနဲ့ ကိုယ့်ဘဝ ဘယ်လို ဆက်စပ်နေလဲဆိုတာကို လုံးဝ (လုံးဝ) နားမလည်ကြသူတွေပါ။ ဥပမာ – ဘဏ်တွေမှာ ပိုက်ဆံထုတ်ရခက်တာက နိုင်ငံရေးနဲ့ ဆိုင်သလား၊ ကုန်ဈေးနှုန်းတက်တာက နိုင်ငံရေးကြောင့်လား ဆိုတာတွေကို သူတို့ မသိကြပါဘူး။ ဒါဟာ သူတို့ရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးနဲ့ ဝါဒဖြန့်မှုတွေက “နိုင်ငံရေးဆိုတာ မင်းတို့နဲ့ မဆိုင်ဘူး” လို့ ရိုက်သွင်းခဲ့တဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။
ဒီအုပ်စု ၄ ခုလုံးမှာ တူညီတဲ့အချက် တခုရှိပါတယ်။ အဲဒါကတော့ “ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင် မဆုံးဖြတ်ဘဲ သူစိမ်းတွေရဲ့ လက်ထဲကို ပုံအပ်ထားကြတာ” ပါပဲ။ သင်ဟာ ဘယ်အုပ်စုထဲမှာပဲ ပါပါ… နိုင်ငံရေးရဲ့ ရိုက်ခတ်မှုကနေတော့ လွတ်မှာ မဟုတ်ပါဘူး။
အထူးသဖြင့် အခုနောက်ပိုင်း ကျွန်တော်တို့ လူငယ်တွေကြားမှာ “Apolitical” ဖြစ်တာကို Cool ဖြစ်တယ်လို့ ယူဆလာကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ တကယ်တော့… ဒါဟာ Cool ဖြစ်တာ မဟုတ်ဘဲ “နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးကို စွန့်လွှတ်လိုက်တာ” သာ ဖြစ်ပါတယ်။
အိတ်ကပ်ထဲက နိုင်ငံရေး
“နိုင်ငံရေးဆိုတာ လွှတ်တော်ထဲမှာပဲ ရှိတာမဟုတ်ဘူး… သင့်ရဲ့ ဟင်းချက်စရာ ဈေးခြင်းတောင်းထဲမှာလည်း ရှိနေပါတယ်”
ဒါ ဘာကို ဆိုလိုတာပါလဲ။ သင် ဒီနေ့ ဈေးသွားတဲ့အခါ လွန်ခဲ့တဲ့ နှစ်နှစ်က ငါးထောင်ဖိုး ဝယ်လို့ရတဲ့ ဟင်းသီးဟင်းရွက်ဟာ အခု ဘာလို့ တသောင်းခွဲလောက် ပေးနေရတာလဲ။ သင့်အိတ်ကပ်ထဲက တသောင်းတန်ဟာ ဘာလို့ အရင်လို တန်ဖိုးမရှိတော့တာလဲ
ဒါဟာ “ကံဆိုးတာ” မဟုတ်ပါဘူး။ ဒါဟာ “နိုင်ငံရေး ဆုံးဖြတ်ချက်” တွေရဲ့ ရလဒ်ပါ။ နိုင်ငံတနိုင်ငံရဲ့ ငွေကြေးတန်ဖိုး ဆိုတာ အဲဒီနိုင်ငံကို အုပ်ချုပ်နေတဲ့သူတွေအပေါ် ကမ္ဘာက ဘယ်လောက် ယုံကြည်သလဲ၊ သူတို့ ချမှတ်တဲ့ စီးပွားရေး မူဝါဒတွေက ဘယ်လောက် မှန်ကန်သလဲ ဆိုတာအပေါ်မှာ မူတည်နေပါတယ်။ နိုင်ငံရေးသမားတွေက ငွေတွေကို စည်းကမ်းမဲ့ ရိုက်ထုတ်လိုက်တဲ့အခါ၊ ဒါမှမဟုတ် နိုင်ငံတကာနဲ့ စီးပွားရေး လွဲချော်အောင် လုပ်လိုက်တဲ့အခါ… ပထမဆုံး ထိခိုက်တာက သင့်အိတ်ကပ်ထဲက ပိုက်ဆံပါ။ သင်ဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့၊ နိုင်ငံရေးက သင့်ရဲ့ လုပ်အားခတွေကို တဖြည်းဖြည်းနဲ့ ခိုးယူနေတယ်ဆိုတာ မမေ့ပါနဲ့။ (ယနေ့ မင်းအောင်လှိုင်ရဲ့ အလုပ်သမားရေးဝန်ကြီးဌာနက နိုင်ငံခြားရောက်အလုပ်သမားတွေဆီက ဝင်ငွေကို ဖြတ်ခုတ်နေတာ နမူနာတစ်ခုပါ။)
နောက် ဥပမာတခု ကြည့်ရအောင်။ လျှပ်စစ်မီးပါ။ ဘာကြောင့် မီးတွေ ခဏခဏ ပြတ်နေတာလဲ၊ ဘာကြောင့် ဆီဈေးတွေက ထိန်းမနိုင် သိမ်းမရ တက်နေတာလဲ၊ ဒါတွေဟာ သယံဇာတ စီမံခန့်ခွဲမှု၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဘတ်ဂျက် ခွဲဝေမှုဆိုတဲ့ “နိုင်ငံရေး လုပ်ငန်းစဉ်” တွေကြောင့်ပါ။ မီးပြတ်တဲ့အတွက် သင် ဖယောင်းတိုင် ဝယ်ထွန်းရတာ၊ ဆိုလာ၊အင်ဗာတာ ဝယ်ရတာ၊ အလုပ်တွေ ကြန့်ကြာတာ… ဒါတွေအားလုံးဟာ “နိုင်ငံရေး လွဲချော်မှု” အတွက် သင် ကိုယ်တိုင် ပေးဆပ်နေရတဲ့ “ဒဏ်ကြေး” တွေပဲ ဖြစ်ပါတယ်။
နေပြည်တော်က ရုံးခန်းတခုထဲမှာ ထိုင်နေတဲ့ လူတစုက “ကုန်သွယ်ရေး မူဝါဒ” ဆိုပြီး လက်မှတ်တချက် ထိုးလိုက်တာဟာ… သင့်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ဖျက်ဆီးလိုက်တာ ဖြစ်နိုင်သလို၊ သင့်ကလေးရဲ့ ကျောင်းလစာကို နှစ်ဆ တက်သွားစေတာလည်း ဖြစ်နိုင်ပါတယ်။
သင်က “ကျွန်တော် နိုင်ငံရေး စိတ်မဝင်စားဘူး” လို့ ပြောပြီး မျက်စိမှိတ်နေချိန်မှာ… နိုင်ငံရေးသမားတွေကတော့ သင့်အိတ်ကပ်ထဲကို နှိုက်ပြီး သူတို့ စိတ်ကြိုက် ခြယ်လှယ်နေကြပါတယ်။ တနည်းအားဖြင့် ပြောရရင် နိုင်ငံရေးကို စိတ်မဝင်စားခြင်းဟာ… ကိုယ့်ပိုက်ဆံအိတ်ကို လမ်းဘေးမှာ ချထားပြီး “ဘယ်သူယူယူ ကျွန်တော် စိတ်မဝင်စားဘူး” လို့ ပြောနေတာနဲ့ အတူတူပါပဲ။
နိုင်ငံရေးဆိုတာ စာအုပ်ကြီးတွေထဲက သီအိုရီတွေ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ “ရှင်သန်မှု” ပါ။ အိတ်ကပ်ထဲက ပိုက်ဆံကို တန်ဖိုးရှိအောင် ထိန်းထားချင်တယ်ဆိုရင်၊ သင့်ဘဝကို သူစိမ်းတွေ စိတ်ကြိုက် မကစားစေချင်ဘူးဆိုရင်… သင် နိုင်ငံရေးကို စိတ်ဝင်စားမှ ရပါလိမ့်မယ်။
ဒီနေရာမှာ ကျွန်တော်တို့ တခု သတိပြုရမှာက… အခုနက ကျွန်တော်ပြောခဲ့တဲ့ အကျိုးသက်ရောက်မှုတွေဟာ ပြည်သူက တင်မြောက်ထားတဲ့၊ ပြည်သူ့အသံကို နားထောင်ရတဲ့ အစိုးရတရပ် လက်ထက်မှာတောင် ဒီလောက်အထိ အရေးကြီးနေတာပါ။
လက်နက်အားကိုးနဲ့ အတင်းအဓမ္မ အာဏာလုယူထားတဲ့၊ ပြည်သူ့ဆန္ဒကို ဂရုမစိုက်တဲ့ စစ်ဗိုလ်ချုပ်တွေ စီမံခန့်ခွဲတဲ့ ခေတ်မှာဆိုရင် အကျိုးဆက်က ဘယ်လောက်အထိ ဆိုးဝါးသွားနိုင်မလဲ။
ပြည်သူတွေကနိုင်ငံရေးကို စိတ်မဝင်စားတော့ရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ဆောင်းပါးရဲ့အပိုင်း (၂) မှာ ဆက်လက်တင်ပြသွားပါမယ်။
(ဤဆောင်းပါးကို Ayeyarwaddy Times သတင်းဌာနနှင့် The Book Reader Commentary တို့ ပူးပေါင်းတင်ဆက်သည်။)