ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စစ်ပွဲအဆုံးသတ်ဖို့ သံတမန်ရေးအရ ကြိုးပမ်းနေပေမဲ့ အီရန်နဲ့ သဘောတူညီချက်မရရင် ချေမှုန်းပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၂ ရက် မှာ သတိပေးလိုက်ပါတယ်။
နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းအတွင်း ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ အပြောင်းအလဲကြီးမားမယ့် ဆုံးဖြတ်ချက်တစ်ခု ချဖို့ရှိနေတယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ခွင့်ပေးမယ့် သဘောတူညီချက်မျိုး လုပ်မလား၊ ဒါ မှမဟုတ် အခြားနိုင်ငံတွေကို နောက်ထပ် ခြိမ်းခြောက်ခွင့်မရအောင် အီရန်နိုင်ငံကို အမြန်ဆုံး ချေမှုန်းပစ်မ လားဆိုတာ စဉ်းစားနေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ဟာ ဝါဒဖြန့်မှုသက်သက်ပဲဖြစ်ပြီး ကျူးကျော်သူတွေကို ပိုမိုပြင်း ထန်တဲ့ တုံ့ပြန်မှုတွေပေးဖို့ အသင့်ရှိတယ်လို့ အီရန်စစ်တပ်က ပြောပါတယ်။
ဒီလိုမျိုး စိန်ခေါ်ပြောဆိုမှုတွေ ရှိနေပေမဲ့ ခုနစ်လနီးပါး ကြာမြင့်လာပြီဖြစ်တဲ့ အီရန်စစ်ပွဲကို အဆုံး သတ်နိုင်ဖို့ တံခါးပိတ် ဆွေးနွေးမှုတွေကို နောက်ကွယ်မှာ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ကြားဝင်စေ့စပ်ပေးသူတွေကတစ်ဆင့် တစ်နေကုန်နီးပါး အပြန်အ လှန် အကျေအလည် ဆွေးနွေးခဲ့တယ်လို့ အမေရိကန် အထူးသံတမန် စတီးဗ်ဝှစ်ကော့ဖ်က X လူမှုကွန် ရက်မှာ ရေးသားထားပါတယ်။
ဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်ပြီး အလားအလာကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်လာ လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။
အမေရိကန်က စစ်ရေးဖိအားနဲ့ ပိတ်ဆို့မှုတွေကို လျှော့ချပေးရင် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေး မှာ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ရက်ပိုင်းအတွင်း ပြန်ဖွင့်ပေးနိုင်တယ်လို့ အီရန် အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောပါတယ်။
ယီမင်မှာ အီရန်ကျောထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့တွေ အားကောင်းလာတာကြောင့် ဆော်ဒီ အာရေးဗီးယားနိုင်ငံပါ ဒီစစ်ပွဲအတွင်း ပိုမိုပါဝင်လာရတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။
ဒေသတွင်း တင်းမာမှုတွေနဲ့ စစ်ရေးအခြေအနေတွေ ပြင်းထန်နေပေမဲ့ အရှေ့အလယ်ပိုင်း ငြိမ်း ချမ်းရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို ဆောင်ရွက်နေပါတယ်။
ကိုးကား – Reuters
Ref; Trump threatens to annihilate Iran as diplomats push for deal at UN