ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရခိုင် – မကွေး အစပ်ဒေသများတွင် ထိုးစစ်ဆင်လာသည့် ရွေးတု အစိုးရစစ်တပ်၏ စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော် (AA) က တုံ့ပြန်ချေမှုန်းခဲ့ရာ ပြင်းထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ပျက်သွားသည့်အပြင် အလောင်းများနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များနှင့် AA ၏ ထုတ်ပြန်ချက် များအရ သိရသည်။
အမ်းဘက်ရိုးကျော်လမ်းကို ထိန်းချုပ်ရန်အတွက် အင်အား ၁၀၀ ကျော် ပါဝင်သော ရွေးတု အစိုးရ စစ်တပ်၏ ဗျူဟာမှူးအဆင့် ဦးဆောင်သည့် စစ်ကြောင်းသည် သဖန်ရောက်နှင့် ကံကြိုးကျေးရွာများ ကြားတွင် ယာယီစခန်းများဆောက်လုပ်ကာ ကံကြိုးကျေးရွာဘက်သို့ ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထိုးစစ်ဆင်လာမှုကြောင့် AA နှင့် နေရာသုံးနေရာထက်မနည်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်၏စစ်ကြောင်းမှာ AA ၏ အပြင်းအထန် ချေမှုန်းမှုကြောင့် လုံးဝ တပ်ပျက် သွားခဲ့ရသည်။
“လက်နက်အနေအထား ကြည့်တာနဲ့ အသေးဆုံး ၃၀ တော့ ပြုတ်မယ်။ တပ်မ ၅၅ လက်အောက်ခံတွေ ဖြစ်ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ရခိုင် – မကွေးအစပ် မင်းတုန်း၊ သဖန်ရောက် တိုက်ပွဲများအတွင်း မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာ အနီးနှင့် ပွိုင့် ၉၄၈ ကုန်းအနီးတို့တွင် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်များက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ရွေးတုအစိုးရစစ်တပ်၏ စစ်ကြောင်းများထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲ ယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရန်သူ့အလောင်းအချို့ကို ယမန်နေ့ စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် AA က ထုတ်ပြန်ထားသည်။
ရွေးတုအစိုးရစစ်တပ်ဘက်မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ နှင့် လောင်းအချို့၏ မှတ်တမ်းဓာတ်ပုံများကိုပါ AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – AA Info Desk