ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမှ ဗန်းမော်သို့ တက်လာသည့် စစ်ရေယာဉ်အုပ်စု ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်အတွင်း အတင်းအဓမ္မ လိုက်ပါခဲ့ရပြီး ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့် ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များအား KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ယနေ့ စက်တင်ဘာ ၂၃ ရက် ရက်စွဲဖြင့် စာရေးသားကာ စိတ်မကောင်းဖြစ်ရပါကြောင်း ဖော်ပြပြီး နားလည်ပေးနိုင်ရန် မေတ္တာရပ်ခံ လာသည်။
KIO ဒု-ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ ပေးပို့သော မေတ္တာရပ်ခံစာတွင် ဗန်းမော်သို့ အတင်းအဓမ္မ လိုက်ပါခဲ့ရပြီး ဆုံးရှုံးခဲ့ကြရသည့် ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များအတွက် စိတ်မကောင်းဖြစ်ရပါကြောင်း “စိတ်မကောင်းဖြစ်ရပါသည် လို့ပဲ ပြောပါရစေ” ဟု သုံးနှုန်း၍ ဖော်ပြထားသည်။
ထို့အပြင် ယခုတိုက်ခိုက်မှုအတွင်း ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များအနေဖြင့် သင်္ဘော လေစီးးအထိ ဆုံးရှုံးခဲ့ရကြောင်း သိရှိရပြီး အဆိုပါ သင်္ဘောများ၏ တန်ဖိုးမှာ ကျပ်သိန်းပေါင်း ရှစ်ထောင်မှ ကျပ်သိန်းပေါင်း နှစ် သောင်းအထိ ရှိကြောင်း စာတွင် ထည့်သွင်းဖော်ပြထားသည်။
ယင်းသို့ ဆုံးရှုံးခဲ့ရသည့် ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များအနေဖြင့် နားလည်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် နွေဦးတော်လှန်ရေးကာလ၏ အရင်းအနှီးဖြစ်သည့်အတွက် စီးပွားရေးများ ပြန်လည်တိုးပွားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က မန္တလေး ဂေါဝိန်ဆိပ်မှ ဗန်းမော်သို့ ဦးတည်ထွက်ခွာလာသည့် စစ်ရေယာဉ်အုပ်စုသည် ဩဂုတ်လ ၂၈ ရက်တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
စက်တင်ဘာလ ၂ ရက်နေ့တွင် KIA ၏ အပြင်းအထန် စံချိန်တင် တိုက်ခိုက်မှုများကြောင့် စစ်သင်္ဘော ၁၀ စီးခန့် ပျက်စီးခဲ့ရပြီး အချို့သော စစ်သင်္ဘောများမှာ အလံဖြူထောင်ကာ လက်နက်ချ ကမ်းကပ်ခဲ့ရသည်။ စက်တင်ဘာလ ၃ ရက်နေ့တွင်စစ်ရေယာဉ်ခြာက်စီးသာ ဗန်းမော်မြို့သို့ ကမ်းကပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါ အရပ်သား သင်္ဘောများနှင့် တိုက်ခိုက်ရေး သင်္ဘောများ ပါဝင်သည့် စစ်ရေယာဉ်အုပ်စုသည် စက်တင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေး ဂေါဝိန်ဆိပ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင် ၃၀၀ ခန့်အား ပြင်ဦးလွင်သို့ ပို့ဆောင်ကုသပေးခဲ့ရကြောင်း သိရသည်။