ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

 

ရက်ပေါင်း ၂,၀၀၀ ကျော်ကြာချုပ်နှောင်ခံနေရသော မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် ရွေးတုသမ္မတ မင်းအောင်လှိုင်ထံ စာတစ်ဆောင်ပေးပို့ခဲ့ကြောင်း ကင်မ်အဲရစ်( ခ) ကိုထိန်လင်းက ပြောကြားသည်။

 

မိခင်ဖြစ်သူကို ICRC (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ) ကိုယ်စားလှယ်နှင့်တွေ့ဆုံခွင့်ပေးချိန်တွင်အသက်ရှင်သန်နေသေးကြောင်း သိခွင့်ရခဲ့သော်လည်း သားတစ်ယောက်အနေဖြင့် မိခင်နှင့် တွေ့ခွင့်မရသေးသည့်အပြင် စကားပြောခွင့်လည်း မရသေးသောကြောင့် တွေ့ဆုံခွင့်ပေးရန် ကိုထိန်လင်း ဆိုသည်။

“ ကျွန်တော့်မေမေနဲ့ တွေ့ခွင့်ပေးပါ။ ကျွန်တော့်မေမေနဲ့ စကားပြောခွင့်ပေးပါ။ ကျွန်တော့်မေမေကို လွှတ်ပေးပါ” ဟု ကိုထိန်လင်းက ပြောသည်။

 

မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် အသက်ငယ်စဉ်ကတည်းက တောင်းဆိုနေရပြီး ဆယ်စုနှစ်များစွာကြာသွားသော်လည်း ယခုအချိန်ထိ တောင်းဆိုနေရဆဲဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာသက်ရှိထင်ရှားရှိကြောင်းသက်သေပြရန်တောင်းဆိုသည့် “Proof of Life” ကမ်ပိန်း ကို ယခုနှစ် ဧပြီလ တွင် စတင်ခဲ့ပြီး ရွေးတုအစိုးရသည် လက်ရှိငါးနှစ်ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်၍ တရား စီရင်နေပုံ၊ နေအိမ်အကျယ်ချုပ်ထားရှိပုံ၊ ICRC နှင့်တွေ့ဆုံပေးပုံတို့ကိုသာ ထုတ်ပြထားသည်။

 

ဓာတ်ပုံ – Kim Aris