ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်လာခြင်း၊ လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်းနှင့် နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများ ကျယ်ပြန့်လာနေသော်လည်း နိုင်ငံတကာ၏ ကမ္ဘာ့အာရုံစိုက်မှုမှ ပျောက်ကွယ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပထမနေ့ စက်တင်ဘာ ၂၂ ရက် မိန့်ခွန်းတွင် ၎င်းက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများကို မေ့လျော့မထားဘဲ ငြိမ်းချမ်းရေးဖော်ဆောင်ရန်၊ အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပြည့်အဝရရှိရေး ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ကူညီပံ့ပိုးပေးကြရန် ၎င်းက ထပ်လောင်းတိုက်တွန်းခဲ့သည်။

ယခု အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအပြင် အရှေ့အလယ်ပိုင်းဒေသ၊ ယူကရိန်းနှင့် ဆူဒန်နိုင်ငံတို့၏ ပြင်း ထန်နေသည့် အကျပ်အတည်းများနှင့် အရပ်သားများ ကြုံတွေ့နေရသည့် အခြေအနေများကိုလည်း အတွင်းရေးမှူးချုပ်က အထူးထည့်သွင်း ပြောကြားခဲ့သည်။

နယူးယောက်မြို့၌ စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိနှင့် ၂၈ ရက်တို့တွင် ကျင်းပလျက်ရှိသော (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ကြပြီး လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ပဋိပက္ခများ ကိုင်တွယ်ဖြေရှင်းနည်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ဉာဏ်ရည်တု (AI) ဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးလျက်ရှိသည်။

လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၀ နှစ်ခန့်ကြာမြင့်နေပြီဖြစ်၍ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သောကြောင့် လာမည့် ၂၀၂၇ ခုနှစ်တွင် အတွင်းရေးမှူးချုပ် အသစ်တစ်ဦး ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ခုနစ် ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – UN