ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

အိမ်ဖြူတော်မှာ သတင်းယူခွင့် ပိတ်ပင်ခံထားရတဲ့ သတင်းဌာနတွေ ကုလသမဂ္ဂ အထွေထွေ ညီ လာခံမှာ သတင်းရယူနေတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က CNN သတင်းထောက် တစ်ဦးကို စက်တင်ဘာ ၂၂ ရက်မှာ ပြင်းပြင်းထန်ထန် ကြိမ်းဝါးလိုက်ပါတယ်။

သတင်းတုတွေ ထုတ်လွှင့်နေတဲ့ CNN ရဲ့ အဆင့်မရှိတဲ့ သတင်းထောက် ကိတ်လင်းကော့လင်းစ့် တို့လို လူတွေဟာ သူ့အကြောင်း သတင်းမယူတော့ဘူးလို့ ပြောခဲ့ကြပြီးမှ ကုလသမဂ္ဂမှာ ဘာလို့ ရောက် နေတာလဲဆိုပြီး ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်တဲ့ အထွေထွေညီလာခံအတွင်း အီရန်စစ်ပွဲ ဘယ်တော့ပြီးဆုံးမလဲ လို့ ကော့လင်းစ့်က မေးမြန်းခဲ့ရာမှာ ဒေါ်နယ်ထရမ့်က အနားကိုမလာဖို့ တိုက်ရိုက် ငြင်းဆန်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က “မင်းတို့ ဘာလို့ ငါ့သတင်း လာယူနေတာလဲ၊ မင်းတို့က သတင်းမယူတော့ဘူး လို့ ပြောထားတာ မဟုတ်ဘူးလား” ဆိုပြီး တိုက်ရိုက် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကော့လင်းစ့်က CNN အနေနဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို သတင်းယူဖို့ ကုလသမဂ္ဂက တရားဝင် သတင်းရယူခွင့် သီးသန့် ထုတ်ပေးထားတာလို့ ပြန်လည်ချေပခဲ့ပါတယ်။

ဒီအပေါ် ဒေါ်နယ်ထရမ့်က အဆိုပါသတင်းဌာနက ဝန်ထမ်းတွေဟာ သစ္စာဖောက်ဖျက်တွေနဲ့ ရူး သွပ်နေသူတွေဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

အခုဖြစ်စဉ် မဖြစ်ပွားမီ အမေရိကန်အစိုးရအဖွဲ့ဟာ CNN၊ Politico နဲ့ MS NOW သတင်းဌာနတွေ က သတင်းထောက်တွေကို အိမ်ဖြူတော်မှာ သတင်းရယူခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သတင်းဌာနတွေက သတင်းယူခွင့် ပိတ်ပင်ခံရမှုနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ လုပ် ပိုင်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေကြောင်းအရ တရားရုံးမှာ ပြန်လည်ရင်ဆိုင်ထားပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရအဖွဲ့နဲ့ သတင်းမီဒီယာတွေကြား တင်းမာ မှုတွေ ပိုမို မြင့်တက်လာပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒေါ်နယ်ထရမ့်နဲ့ CNN သတင်းထောက်တို့ကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် အချေအတင်ဖြစ်မှုဟာ လူမှုကွန်ရက်နဲ့ မီဒီယာနယ်ပယ်မှာ အတော်လေး ရေပန်းစား လူ ပြောများနေပါတယ်။

News: Anadolu Agency
Ref; Trump rebukes CNN journalist over UN coverage following White House press ban