ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

 

ရွေးတုအစိုးရသည် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများအပေါ် နှိပ်စက်ညှင်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခြင်း၊ လုံလောက်သော ဆေးကုသမှုမပေးခြင်းနှင့် ငြင်းပယ်ခြင်းတို့ ဆိုးဝါးစွာ ပြုလုပ်လျက် ရှိကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။

 

အထူးသဖြင့် ကိုယ်ဝန်ဆောင်နိုင်ငံရေးအကျဉ်းသူများမှာ ကလေးမမွေးဖွားမီနှင့် မီးဖွားစဉ် ရရှိရမည့် ကျန်းမာ ရေးစောင့်ရှောက်မှုများကို ငြင်းပယ်ခံနေရပြီး အချို့မှာ အသက်ဆုံးရှုံးသည်အထိ ကြုံတွေ့ နေရကြောင်း သိရသည်။

 

ကလေးမီးမဖွားမီ၊ မီးဖွားစဉ်နှင့် မီးဖွားပြီးနောက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အကျဉ်း ထောင်များဘက်မှ ပေးအပ်ရန် ငြင်းပယ်နေပြီး အရေးပေါ်ပြုစုစောင့်ရှောက်မှုများလည်း မရရှိသည့်အတွက် နိုင်ကျဉ်းအမျိုးသမီးအချို့မှာ ကလေးအသေမွေးဖွားခြင်း၊ မိခင်နှင့်ကလေးများ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ရကြောင်း HRW က ဖော်ပြထားသည်။

 

“အက်ထရာဆောင်းမရှိလို့ ဘယ်နေ့မီးဖွားမလဲဆိုတာကို ခန့်မှန်းဖို့ နည်းလမ်းမရှိခဲ့ဘူး။ ကျွန်မရဲ့ရေမွှာက ညသန်းခေါင်မှာ ပေါက်သွားတယ်။ ဒါပေမဲ့ ဆေးရုံလွှဲပြောင်းစာက မနက် ၁၀ နာရီမှ ရောက်လာတယ်။ ကလေးမွေးပြီးပြီးချင်းမှာပဲ ကျွန်မခြေထောက်ကို ခြေချင်းပြန်ခတ်ခဲ့တယ်” ဟု ကိုယ်ဝန် ၃ လရှိစဉ်ကတည်းက ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက HRW ကို ပြောပြခဲ့သည်။

 

နိုင်ငံတကာစံနှုန်းများအရ ကလေးမွေးဖွားခြင်းမပြုမီနှင့် မွေးဖွားပြီးနောက် လိုအပ်သည့်စောင့်ရှောက်မှု များအတွက် မိခင်နှင့်ကလေးကို နေရာသီးသန့်ပေးသင့်သော်လည်း ရွေးတုအစိုးရလက်အောက်ခံ အကျဉ်းထောင်များတွင် ကလေးမွေးဖွားသည့်နေရာပင် မရှိဘဲ အကျဉ်းသားချင်း အဆင်ပြေသည့် နည်းလမ်းများဖြင့်သာ ဝိုင်းဝန်းမီးဖွားပေးနေရကြောင်း သိရသည်။

 

ထို့ပြင် ရွေးတုအစိုးရသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ဖမ်းဆီးစစ်ဆေးစဉ် ၎င်းတို့၏ သန္ဓေသားကလေးငယ်များကို ခြိမ်းခြောက်သည့်လက်နက်တစ်ခုအဖြစ် အသုံးချလေ့ရှိသည့်အပြင် ရိုက်နှက်နှိပ်စက်မှုများကိုလည်း ကျူးလွန်လေ့ရှိကြောင်း သိရသည်။

 

စစ်ကိုင်းငလျင်လှုပ်ခတ်ချိန်တွင် အိုးဘိုထောင်မှ ကိုယ်ဝန် ရှစ်လရှိသည့် မနွယ်နီဝင်းဆိုသူ အမျိုးသမီးမှာ ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း ဆေးကုသခွင့် ငြင်းပယ်ခံရမှုကြောင့် ကလေးအသေ မွေးဖွားခဲ့ရပြီး ၎င်းကိုယ်တိုင်မှာလည်း ပိုးဝင်ရောက်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

 

Myanmar Prison Witness ၏ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာ ကာလအတွင်း နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၂၉၀ ဦး သေဆုံးခဲ့ရာတွင် အမျိုးသမီးနိုင်ငံရေး အကျဉ်းသူများနှင့် ၎င်းတို့၏ ကလေးသေဆုံးမှုမှာ ၄၃ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများသည် အကျဉ်းထောင်တွင်း လူဦးရေထူထပ်ကျပ်တည်းစွာ နေထိုင်ရမှုနှင့် အလွန်အမင်း သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် လွတ်မြောက်လာသည့် အချိန်များတွင်လည်း စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ထိတ်လန့်နေခြင်း၊ အထီးကျန်ခြင်းနှင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံလိုခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကိုပါ ဆိုးရွားစွာ ခံစားနေကြရကြောင်း HRW က ထုတ်ပြန် ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်