ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ရွှေကူမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်တပ် အဖွဲ့ဝင်များကို လေကြောင်းမှတစ်ဆင့် ဆေးကုသမှုပေးရန် ပို့ဆောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် စစ်တပ် က ဗန်းမော်မြို့နယ်၊ နန့်ဖားကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ကြောင်း သိရသည်။
ပြင်းထန်တိုက်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့သည့် စစ်တပ် အဖွဲ့ဝင်များကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သို့ ရဟတ်ယာဉ်များဖြင့်အခေါက်ခေါက်အခါခါ ပို့ဆောင်ပေးနေရကြောင်း သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ စစ်ရေးတင်းမာမှုများကြောင့် KIO ထိန်းချုပ်နယ်မြေများဖြစ်သည့် မိုင်ဂျာယာန်၊ လွယ်ဂျယ်နှင့် လိုင်ဇာဒေသတို့တွင် လေကြောင်းအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားပြီး စာသင်ကျောင်းအချို့ကိုလည်း တစ်ပတ်ကြာ ယာယီပိတ်ပင်ထားကြောင်း သိရသည်။
“လိုင်ဇာမှာတော့ လေကြောင်း သတိပြုဖို့အထူး သတိပေးထားတယ်။ ရွှေကူနဲ့ ဗန်းမော်တော့ ဗုံးပတ်ကြဲနေတယ် စစ်တပ်က ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့ စက်တင်ဘာ ၂၃ရက် နံနက်ပိုင်းတွင်လည်း စစ်တပ်၏ ကင်းထောက်လေယာဉ်အချို့ လိုင်ဇာအနီး ပျံသန်းကြောင်းသိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့တွင်လည်း မိုင်ဂျာယာန်မြို့ပေါ်သို့ စစ်တပ် ၏ လေယာဉ်များ ဝဲပျံခဲ့သည့်အတွက် လုံခြုံရေးအရ ကျောင်းများ ချက်ချင်းပိတ်လိုက်ရကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအချို့လည်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသတွင်း သတင်းများထံမှ သိရသည်။
ဩဂုတ် ၂၁မှစ၍ ဗန်းမော်မြို့သို့ အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်တပ် ၏ စစ်သင်္ဘောများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်တပ်များက ကသာ၊ ရွှေကူနှင့် ဗန်းမော်ကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်အများအပြား သေဆုံးထိခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်တပ် ၏ သင်္ဘော အစီး ၂၀ ခန့်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA က စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စင်းခန်းအနီး ကမ်းတက်သွားနိုင်သည့် စစ်တပ် စစ်ကြောင်းများနှင့် KIAတို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး KIAက လိုက်လံချေမှုန်းနေကြောင်း သိရသည်။