ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ Apple ကွန်ပျူတာနှင့် မိတ္တူဆိုင် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးဝန်ထမ်း သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့ည ၁၁ နာရီည ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် ဆိုင်အောက်ထပ်ရှိ ဖုန်းများအားသွင်းရာမှ အပူရှိန်လွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
“မီးလောင်တာက မကြာပေမဲ့ ဆိုင်မှာ လောင်စာပစ္စည်းတွေ များပြားတဲ့အတွက် မီးကူးစက်မှု အရမ်းမြန်တယ်”ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆိုင်ရှင်များမှာ အောက်ထပ်တွင် နေထိုင်ကြပြီး ဆိုင်ဝန်ထမ်းများမှာမူ အပေါ်ထပ်တွင် အိပ်စက်နေကြခြင်းဖြစ်ကာ မီးလောင်ကျွမ်းမှု မြန်ဆန်လွန်းသဖြင့် အိမ်ရှင်များဘက်က ဘေးကင်းလွတ်မြောက်ခဲ့သော်လည်း အပေါ်ထပ်မှ ဆိုင်ဝန်ထမ်းအမျိုးသမီး သုံးဦးမှာမူ အချိန်မီ ထွက်ပြေးနိုင်ခြင်းမရှိဘဲ မီးလောင်ရာတွင်ပါဝင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဆိုင်ရှင်တွေ အောက်ထပ်မှာနေတာ။ ဝန်ထမ်းတွေက အပေါ်ထပ်မှာ နေကြတာပါ။ အိမ်ရှင်တွေက ဘေးကင်းကြပေမဲ့ ဆိုင်အပေါ်ထပ်က ဝန်ထမ်းတွေ အချိန်မီ ထွက်မပြေးနိုင်ခဲ့ဘူး”ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီးသတ်တပ်ဖွဲ့ဝင်များက မီးကို ည ၁၁ နာရီ ၅၀ မိနစ်တွင် ဝိုင်းဝန်းငြိမ်သတ်နိုင်သော်လည်း ဆိုင်ဝန်ထမ်းအမျိုးသမီး သုံးဦးကိုမူ အချိန်မီ ကယ်ထုတ်နိုင်ခြင်းမရှိ၍ အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသည့် ဆိုင်ဝန်ထမ်းများသည် ကလေးဝမြို့ နှင့် မင်းကင်မြို့နယ်တို့မှ လာရောက် အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရသည်။