ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ရက်
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက် ထားသည့် မြန်မာ-တရုတ် နယ်စပ်မှတ်တိုင် (၃၀) နှင့် (၃၁) ကြားတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ခေါင်လန်ဖူးမြို့နယ်၊ အမတ်ပေါ်ကျေးရွာအနီးရှိ နယ်ခြားမှတ်တိုင် (၃၀) တွင် တည်ရှိသော ရဟတ်ယာဉ် ကွင်းနှင့် ရွေးတုအစိုးရစစ်တပ်-ပြည်သူ့စစ် ပူးပေါင်းစခန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရဟတ်ယာဉ်ကွင်းပါစခန်းသည် မိုးရာသီကာလ နယ်စပ်ဒေသရှိ စစ်တပ်စခန်းများသို့ ရိက္ခာ ထောက်ပံ့ပို့ဆောင်ရန်အတွက် အဓိကအသုံးပြုနေရသည့် အရေးပါသော စခန်းတစ်ခုဖြစ်သည်။
“တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်ကြားတယ်။ ကချင်နေရာအနှံ့ စစ်တပ်က စစ်ရှုံးနေတော့ လေ ကြောင်း သတိထားနေရတယ်ပြောတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရစစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့များသည် စခန်း လက်လွှတ်ခဲ့ရပြီးနောက် အဆိုပါ တပ်စခန်းကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၂၃ ရက်အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်လာခြင်းဖြစ်သည်။
လက်ရှိတွင် နယ်ခြားမှတ်တိုင် (၃၁) ရှိ ခေါင်လန်ဖူး ပြည်သူ့စစ်၊ စစ်တပ်ပူးပေါင်းတပ်နှင့် မှတ်တိုင် (၃၀) အကြားတွင် ထိတွေ့မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး အပြန်အလှန် စစ်ရေးတင်းမာလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် ရွေးတုအစိုးရစစ်တပ်ဘက်မှ အင်အားဖြည့်တင်းရန်အတွက် ပူတာအို၊ မချမ်းဘောနှင့် နောင်မွန်း စသည့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံလူငယ် ၁၉၀ ကျော်ကို စုဆောင်းခေါ်ဆောင်သွားသည့် အပြင် ပစ္စည်းသယ်ယူပို့ဆောင်ရန်အတွက်လည်း ဒေသခံများအား ပေါ်တာဆွဲယူမှုများ ပြုလုပ်နေ ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
ပုံစာ-ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ဝင်များ၊