ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ပြည်သူများ အဓိက လိုအပ်နေသည့် အခြေခံစားသောက်ကုန် စားအုန်းဆီကို နိုင်ငံခြားငွေ သက်သာစေရန် ရည်ရွယ်ကာ လျှော့ချတင်သွင်းခဲ့ခြင်းကြောင့် ရွေးတုအစိုးရအတွက် အမေရိကန်ဒေါ်လာ လေးသန်း ကျော် သက်သာသွားသော်လည်း အခြေခံပြည်သူများမှာမူ ဆီခွဲတမ်း လုံလောက်စွာ မရတော့ဘဲ ပြင်ပဈေးကွက်တွင် ကြီးမြင့်သော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနေရကာ စားဝတ်နေရေး ပိုမိုကျပ်တည်း လာနေကြောင်း သိရသည်။
ရွေးတုအစိုးရသည် ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်က စားအုန်းဆီ တန်ချိန် ၆ သိန်းခွဲနီးပါး တင်သွင်းခဲ့ရပြီး အမေရိကန်ဒေါ်လာ ၇ သန်းကျော် ကုန်ကျခဲ့သော်လည်း ယခုနှစ် (၂၀၂၆-၂၀၂၇) စက်တင်ဘာ ၁၁ ရက်အထိ စားအုန်းဆီ တန်ချိန် ၂ သိန်းခွဲကျော်သာ တင်သွင်းထားပြီး အမေရိကန်ဒေါ်လာ သုံးသန်းကျော်သာ သုံးစွဲခဲ့၍ ဒေါ်လာ လေးသန်းကျော် သက်သာနေကြောင်း ရွေးတုအစိုးရထံမှ သိရသည်။

ရွေးတုအစိုးရသည် စားအုန်းဆီ တင်သွင်းမှုကို အဆင့်ဆင့် လျှော့ချပြီးနောက် အများပြည်သူများထံ ပြန်လည်ရောင်းချရာတွင် အိမ်ထောင်စု သန်းခေါင်စာရင်း ရှိသူများကိုသာ ခွဲတမ်းစနစ်ဖြင့် ပေးအပ်ခြင်းနှင့် ဆီပိဿာ အလေးချိန် ကန့်သတ်ချက်များ ချမှတ်ထားခြင်းကြောင့် ပြည်သူများမှာ လိုအပ်ချက်နှင့် ရင်ဆိုင်နေရသည်။
“စားအုန်းဆီမရတော့တာ ကြာပြီ။ အပြင်ကနေပဲ ဝယ်သုံးနေရတယ်။ အိမ်ထောင်စုဇယားရှိသူတွေပဲ ပေးတော့တယ်။ သူတို့တောင် များများမရဘူး။ ပဲဆီက တစ်ပိဿာ နှစ်သောင်းကျော်ဆိုတော့ မသုံးနိုင်ဘူး။ ဟင်းသီးဟင်းရွက်ဆီပဲ သုံးတယ်။ သူလည်း တစ်သောင်းကျော်ပေးရတယ်။ ဆီထုတ်မရတော့ စားရိတ်ပိုကုန်တယ်” ဟု လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲနှင့်ပတ်သက်၍ အင်းစိန်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ် ပြောသည်။
စားအုန်းဆီ တင်သွင်းမှုကို လျှော့ချနေသော်လည်း ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းစသည့် ဆီထွက်သီးနှံများကို ဒေသအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိအောင် စနစ်တကျ တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ဆိုထားသည်။

နေပြည်တော်ရှိ အိမ်ထောင်စု ၂၂၀ ကို စစ်တမ်းကောက်ယူချက်အရ အိမ်ထောင်စု တစ်ခုသည် လစဉ်ဝင်ငွေ၏ ၆၃ ရာခိုင်နှုန်းကို အစားအသောက်အတွက် သုံးစွဲနေရပြီး ဆန်နှင့်ဆီမှာ ကုန်ကျစရိတ် အများဆုံးဖြစ်ကြောင်း၊ ဆန်အတွက် ၁၇ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ဆီအတွက် ၁၃ ဒသမ ၁၆ ရာခိုင်နှုန်း အသီးသီး သုံးစွဲနေရကြောင်း Food and Fertilizer Technology Center for the Asian and Pacific Region (FFTC-AP) အဖွဲ့၏ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ စစ်တမ်းအရ သိရသည်။
လက်ရှိတွင် အခြေခံလူတန်းစား ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာသည့် စားအုန်းဆီကိုသာ အဓိကထားစားသုံးနေရသော်လည်း ပြည်တွင်း၌ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့မှာ ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းနှင့် ထုတ်လုပ်မှုစရိတ် ညီမျှမှုမရှိခြင်းကြောင့် ပြည်တွင်းဖြစ်ဆီများကို အပြည့်အဝ အသုံးမပြုနိုင်သေးကြောင်း သိရသည်။
ပြီးခဲ့သည့်တစ်ပတ်က စားအုန်းဆီ အခြေခံရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇,၁၇၉ ဖြစ် ကြောင်း ရွေးတုအစိုးရလက်အောက်ခံ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသော်လည်း လက်ရှိ ပြင်ပပေါက်စျေးမှာ ၁၇,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ် အတွင်းရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်