ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

 

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ စမ်းချောင်းလင့်ခ် ညဈေးတန်းရှေ့တွင် Info Myanmar College (IMC) မှ IT ကျောင်းသားနှစ်ဦးကို အုပ်စုဖွဲ့ ဓားဖြင့်ထိုးခြင်းနှင့် ရိုက်နှက်ခြင်းများ ကျူးလွန်ခဲ့ကြသည့် အဓိကတရားခံများ အပါအဝင် လူငယ် ရှစ် ဦးကို စမ်းချောင်းမြို့နယ် ရဲစခန်းက စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ IMC မှ IT ကျောင်းသားတစ်ဦးက ရွှေရည်ဝတီ (ခ) သဒ္ဒါထံသို့ Telegram မှတစ်ဆင့် နောက်ပြောင်စာ ပို့ခဲ့ခြင်းကို ချစ်သူဖြစ်သူ ဟယ်ရီ (ခ) သူရိန်ထွန်းက မကျေမနပ် ဖြစ်ပွားရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

 

ထို့နောက် ဟယ်ရီသည် ၎င်း၏ အပေါင်းအပါ လူငယ်အုပ်စုကို ခေါ်ဆောင်ကာ အဆိုပါ ကျောင်းသားနှစ်ဦးကို စမ်းချောင်းလင့်ခ် ရှေ့သို့ ဖုန်းဆက်ချိန်းဆိုခဲ့ပြီး ဓားဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်းနှင့် ဝိုင်းဝန်းထိုးကြိတ်ခြင်းများ အမိုက်စား ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် IT ကျောင်းသားတစ်ဦးမှာ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အခြားကျောင်းသားတစ်ဦးမှာ အဆုတ်ကို ဓားဖြင့် နှစ်ချက်ထိုးခံရသဖြင့် နေရာတွင်ပင် သတိလစ်မေ့မြောသွားခဲ့ရသည်။ လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိထားသော ကျောင်းသားနှစ်ဦးစလုံးကို ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကာ ဆေးကုသမှု ပေးနေရကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူများထဲတွင် ဖြစ်စဉ်ကို အဓိက ဦးဆောင်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် ဟယ်ရီ (ခ) သူရိန်ထွန်းနှင့် အသက် ၁၈ နှစ်အရွယ် ရွှေရည်ဝတီ (ခ) သဒ္ဒါတို့ ချစ်သူနှစ်ဦး ပါဝင်ပြီး ကျန်အဖွဲ့ဝင် ခြောက် ဦးမှာ အသက် ၁၄ နှစ်မှ ၂၁ နှစ်အရွယ် လူငယ်များ ဖြစ်ကြသည်။

 

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် လူငယ် ရှစ် ဦးကို စမ်းချောင်းမြို့နယ် ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး၊ ဖြစ်စဉ်တွင် ပါဝင်ကာ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေသည့် အသေးလေး ဆိုသူကို ဖမ်းဆီးရမိရေးအတွက် ဆက်လက် စုံစမ်းရှာဖွေလျက် ရှိကြောင်း သိရသည်။