ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မှ စက်တင်ဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံတဝှမ်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။
မုန်တိုင်းငယ်အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်ဖြစ်သည်။
အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဝင်ရောက်နိုင်မှုမရှိသောကြောင့် အဝါရောင်အဆင့် ( မုန်တိုင်းဖြစ်ပေါ်မှုသတိပေးချက်) အဖြစ်ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ ဇလ ထုတ်ပြန်သည်။
ထို့ပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ( မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းပါဝင်သည်။
ယင်းပြင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ( တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချူန်းရွာနိုင်သည်။
မုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သတိထားနေထိုင်ကြရန် သတိပေးထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိတိုက်ခတ်နိုင်၍ လှိုင်းအမြင့်မှာ ကိုး ပေမှ ၁၂ ပေအထိရှိနိုင်သည်။
အဆိုပါ မုန်တိုင်းငယ်သည် လာမည့် ၆၀ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ရောက်ရှိနိုင်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း- ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေတို့ကို ဗီဆာကာပတ္တနမ်မြို့နှင့် ဂိုလ်ပါပူမြို့တို့အကြားမှ ဖြတ်ကျော် နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုး/ ဇလ ထုတ်ပြန်သည်။
လက်ရှိရာသီဥတုဖြစ်စဉ်မှာ အယ်လ်နီညိုအခြေအနေတွင်ရှိနေသောကြောင့် မိုးရွာသွန်းမှုမူ မမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများမူမမှန်ခြင်း၊ မိုးခေါင်းရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း နိုင်ငံတကာမိုးလေဝသဌာနများက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မိုး/ ဇလ