ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ သဲကုန်းလေးကျေးရွာနှင့် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွေးတုအစိုးရခန့် အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းအတွက်ဟုဆိုကာ ဒေသခံများထံမှ စစ်မှုထမ်းကြေးငွေများကို အဆမတန် တောင်းယူလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၊ သဲကုန်းလေးကျေးရွာတွင် ငွေကြေးကောက်ခံရာ၌ သားသမီးမရှိသော အိမ်ထောင်စုများကို ကင်းလွတ်ခွင့်ပေးထားပြီး၊ ယောကျ်ားလေးရှိသော အိမ်ထောင်စုများထံမှသာ စစ်မှုထမ်းကြေးများကို အဆမတန် ကောက်ခံနေခြင်းဖြစ်သည်။
“သဲကုန်းမှာ အရင်တစ်ခေါက် မဲနှိုက်တုန်းက မဲပေါက်ခဲ့တဲ့သူတွေကို အခုမခေါ်တော့ပါဘူး။ သူတို့ဆီကနေ ပိုက်ဆံတွေ ယူစားထားပြီးသားဖြစ်လို့ အခုကိစ္စနဲ့ မဆိုင်တော့ဘူးလို့ ပြောပါတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြည်သူ့စစ်မှုထမ်းကြေးအဖြစ် ကောက်ခံရရှိသည့် ငွေကြေးပမာဏ နည်းပါးနေပါက စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေကြောင်း ဒေသခံများကပြောသည်။
လက်ရှိ စီးပွားရေးကျပ်တည်းမှုများကြားတွင် ဒေသခံများအနေဖြင့် ကျပ်သောင်းဂဏန်းခန့်သာ တတ်နိုင်သော်လည်း ယခုကဲ့သို့ ကျပ်တစ်သိန်းအထိ အဆမတန် တောင်းခံနေမှုကြောင့် ပြည်သူများမှာ ငွေကြေးအခက်အခဲများရင်ဆိုင်နေရကြောင်း ဒေသခံများကပြောဆိုသည်။
အလားတူ ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း ရွေးတုခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ကိုး သောင်းအထိ တောင်းယူမှုများ ရှိနေကြောင်း ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ ခုရှိပြီး အကြောင်းအမျိုးမျိုးပြ၍ စစ်မှုထမ်းကြေးအဖြစ် ငွေကြေးများတောင်းယူနေပြီး အုပ်ချုပ်ရေးမှူးအများစုမှာ စီးပွားဖြစ်နေကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများ၏ ပြောပြချက်အရသိရှိရသည်။