ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
၂၀၂၆ ခုနှစ်အတွက် အမေရိကန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များ ပါဝင်သည့် Forbes 400 စာရင်းတွင် အသက် ၄၀ မပြည့်မီမှာပင် နေရာတစ်နေရာ ရရှိထားကြသည့် အသက်အငယ်ဆုံး ဘီလျံနာ ၁၀ ဦး ပါဝင်လာကြောင်း Forbes သတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့်နှစ်က Forbes 400 စာရင်း၌ ပါဝင်ရန် လုံလောက်အောင် ချမ်းသာသည့် အသက် ၄၀ အောက် ဘီလျံနာ လေး ဦးသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၀ ဦးအထိ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။ ယခုနှစ်တွင် စာရင်းဝင်ရန်အတွက် အနည်းဆုံး ကြွယ်ဝမှု စံချိန်တင် ကန်ဒေါ်လာ ၄.၄ ဘီလီယံ ရှိရမည်ဟု သတ်မှတ်ထားပြီး အသက် ၃၀ ကျော်အရွယ် လူငယ် ခုနစ် ဦးမှာ AI တော်လှန်ရေးကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး လှိုင်းအရှိန်ကြောင့် ကြွယ်ဝချမ်းသာသူ အသိုင်းအဝိုင်းထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ အသက်အငယ်ဆုံး ၁၀ ဦးစာရင်းထဲတွင် OpenAI မှ ထွက်ခွာလာသည့် ဝန်ထမ်းများ ထူထောင်ခဲ့သော “Anthropic” ကုမ္ပဏီမှ တည်ထောင်သူ လေး ဦး ပါဝင်နေသည်။ ယင်းကုမ္ပဏီ၏ တွဲဖက်တည်ထောင်သူများဖြစ်ကြသည့် အသက် ၃၉ နှစ်အရွယ် Tom Brown၊ အသက် ၃၉ နှစ်အရွယ် Daniela Amodei၊ အသက် ၃၇ နှစ်အရွယ် Jack Clark နှင့် အသက် ၃၆ နှစ်အရွယ် Sam McCandlish တို့သည် ယခုအခါ စုစုပေါင်း ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၅.၅ ဘီလီယံ ကြွယ်ဝကြပြီး စာရင်း၏ အဆင့် ၇၅ တွင် ပူးတွဲရပ်တည်နေကြသည်။
အဆိုပါ လူငယ် ခုနစ် ဦးသည် ၎င်းတို့၏ ကြွယ်ဝမှု ၈၀ ရာခိုင်နှုန်းကို နောင်တွင် လှူဒါန်းသွားရန် ယခုနှစ်အစောပိုင်းက ကတိပြုထားကြသည်။ ထို့အပြင် OpenAI ၏ တွဲဖက်တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ အသက် ၃၆ နှစ်အရွယ် Greg Brockman သည်လည်း Forbes 400 စာရင်း၏ အချမ်းသာဆုံး အဖွဲ့ဝင်အဖြစ် အသစ်ပါဝင်လာခဲ့သည်။

အလိုအလျောက် မောင်းနှင်သည့် ဒရုန်းထုတ်လုပ်သည့် “Anduril” ကုမ္ပဏီမှ Palmer Luckey သည်လည်း မေလအတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံသူများထံမှ တန်ဖိုး ကန်ဒေါ်လာ ၆၁ ဘီလီယံဖြင့် ရန်ပုံငွေ ကန်ဒေါ်လာ ၅ ဘီလီယံ ရရှိခဲ့ပြီးနောက် အသက် ၃၃ နှစ်အရွယ်ဖြင့် စာရင်း၏ ဒုတိယအငယ်ဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။
ယခုနှစ် Forbes 400 စာရင်း၏ အသက်အငယ်ဆုံး အဖွဲ့ဝင်မှာမူ AI software engineer “Devin” ကို ဖန်တီးခဲ့သည့် “Cognition” ကုမ္ပဏီ၏ တွဲဖက်တည်ထောင်သူနှင့် နည်းပညာအရာရှိချုပ် အသက် ၃၀ အရွယ် Steven Hao ဖြစ်သည်။ Cognition ကုမ္ပဏီသည် စတင်တည်ထောင်ပြီး ၃ နှစ်ပင် မပြည့်သေးသည့် အချိန်ကာလအတွင်းတွင်ပင် တန်ဖိုး ကန်ဒေါ်လာ ၄၈ ဘီလီယံဖြင့် သီးသန့်ရန်ပုံငွေ ကန်ဒေါ်လာ ၂ ဘီလီယံ ရရှိထားကြောင်း ယခု စက်တင်ဘာတွင် ကြေညာခဲ့သည်။
ဓာတ်ပုံ – Forbes ၊ Social Media
Ref : The 10 Youngest Billionaires On The 2026 Forbes 400 List