ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

 

ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမှ ဗန်းမော်သို့ ရိက္ခာ၊ လက်နက်နှင့် စစ်အင်အားများ သွားရောက်ပို့ ဆောင်ခဲ့သည့် ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘောအုပ်စုသည် ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရစစ်သား ၃၀၀ ကျော် ပါဝင်လာကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် တပ်မိသားစုဝင်များထံမှ သိရသည်။

 

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းတွင် မန္တလေးမြို့မှ ထွက်ခွာသွားခဲ့ပြီး ယခု စက်တင်ဘာလဆန်းပိုင်းတွင် ဗန်းမော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ လမ်းခရီးတစ်လျှောက်တွင် ကချင်လွတ် လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ် သင်္ဘောအပါအဝင် ရေယာဉ် ၂၀ နီးပါး ပျက်စီးနစ်မြုပ်ခဲ့ရသည်။

“ကျွန်မတို့ရှေ့ကတစ်စီးက ပစ်ခံရပြီး နစ်သွားတာ။ ကျွန်မတို့က လွတ်ပြီး မန္တလေးရောက်လာတာပေါ့။ လမ်းမှာ ၁၀ ရက်ကျော်လောက်ကြာတယ်။ စားစရာတွေလည်းမရှိ၊ ရေတွေလည်းတွေ့ရာသောက်တော့ ဝမ်းတွေလည်းပျက်ကြနဲ့ သင်္ဘောပေါ်မှာ။ ကျွန်မတို့က ခုမှ ဗန်းမော်ကနေ ထွက်ခွင့်ရလို့ ထွက်လာကြရတာပါ” ဟု ဗန်းမော်မှ လွတ်မြောက်လာပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသူ စစ်တပ်မိသားစုဝင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါစစ်သင်္ဘောများသည် ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ သင်္ဘောကျင်းရုံး ဒေါက်ကျင်းဆိပ်ကမ်းနှင့် ပေပင်ဆိပ်ကမ်းတို့သို့ ဆိုက်ကပ်လာခဲ့ပြီး ဗန်းမော်တွင် တာဝန်ကျခဲ့သည့် စစ်အင်အား ရာနှင့်ချီ ပြန်လည်ပါလာခဲ့သည်။

 

“ဒီမနက် ၁၁ နာရီခွဲလောက်မှာ စစ်သင်္ဘောတွေ ပေပင်ဆိပ်ကမ်းကို ဆိုက်ကပ်လာပြီးတော့ သင်္ဘောပေါ်ကနေ ဂျိုင်းထောက်တွေနဲ့ စစ်သားတွေ ဆင်းလာတယ်။ တချို့ဆို ထမ်းစင်တွေနဲ့ ဆင်းလာကြတာ။ ဒဏ်ရာရစစ်သား ၃၀၀ ကျော်ကို နန်းတွင်းဆေးရုံ ပို့ဆောင်ပေးနေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

တစ်ဖက်တွင်လည်း ဒဏ်ရာရရှိခြင်းမရှိဘဲ တာဝန်လဲလှယ်ရန် ပြန်လည်ရောက်ရှိလာသည့် စစ်သားများအတွက် ဧည့်ခံစားသောက်ပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်းနှင့် အဆိုပါ ဧည့်ခံပွဲသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။