ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
ကရင်နီဒေသတွင် ရွေးတုအစိုးရလက်အောက်ခံစစ်အုပ်စုက ပြီးခဲ့သည့်ဩဂုတ်နှင့် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ပုံစံအမျိုးမျိုးအဖြင့်ပြုလုပ်ကာ စစ်ဆင်ရေးတစ်ရပ်အနေဖြင့်ဖော်ဆောင်ကာ တိုက်ခိုက်လျက်ရှိကြောင်း IEC ထံက သိရသည်။
လွိုင်ကော်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့ကလည်း စစ်ရှောင်စခန်းတစ်နေရာသို့ စစ်တပ်က ဆူဆိုက်ဒရုန်းဖြင့် အကြောင်းမဲ့တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရခဲ့ကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဒီးမော့ဆိုအနောက်ခြမ်းတစ်ရာရှိ မိဘမဲ့ကလေးများနေထိုင်ရာ ဘော်ဒါဆောင်သို့ စစ်တပ်က ဆူဆိုက်ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ရာ ကိုး နှစ်အရွယ်ယောကျာ်းလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အချို့အချက်အလက်အရပြန်ကြည့်ရင်တော့ ဒီလပိုင်းမှာ စစ်တပ်ကအထူးသဖြင့် လေယာဉ်နဲ့ဗုံးကြဲမှုတွေပိုလုပ်လာမယ်ဆိုတဲ့ အချက်လက်တခုတော့သိထားတာရှိတယ်။ အဲ့ဒီအတွက်ကြောင့်လုပ်ခြင်းဖြစ်မယ်လို့ထင်တယ်။ အဓိကကတော့ ရက်ပေါင်း ၆၀ ရင်ပေါင်း ၉၀ အတွင်း စစ်ဆင်ရေးတခုလုပ်ဖို့အတွက်ဆိုပြီး အသံတော့ကြားထားတာရှိတယ်။ သူတို့စစ်ဆင်ရေးတစ်ခုရှိနေတယ်လို့ အကြမ်းဖျဉ်းပြောလို့ရတယ်” ဟု ကရင်နီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်ကရင်နီဒေသအတွင်း မြေပြင်စစ်ကြောင်းထိုးမှုများနှင့် ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားလျက်ရှိပြီး စစ်တပ် အသေခံဒရုန်းတိုက်ခိုက်မှုများ၊ လေယာဉ်ဖြင့်လေကြောင်း တိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ နှင့် ၁၅ ရက်နေ့များတွင်လည်း စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာသို့ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း စစ်တပ်၏အရပ်သားများအပေါ် ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းတို့ပြုလုပ်ခဲ့သည့်အတွက် အရပ်သား ကိုး ဦးသေဆုံးခဲ့ပြီး ၄၃ ဦးအထိ ထိခိုကဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG) ထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)