ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ ရွေးတုအစိုးရစစ်တပ်က အင်အားအလုံးအရင်းဖြင့် အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော် (AA) ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် အထိနာကာ သေဆုံးမှု များပြားနေကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့မှစ၍ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် “ရန်နိုင်အောင် (၄၉၂၆)” စစ်ဆင်ရေး အမည်တပ်ကာ အင်အားအလုံးအရင်းဖြင့် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
“စစ်တပ်အထက်လူကြီးများက ရခိုင်ပြည်နယ်ကြီးကို အမြစ်ပါမကျန် သုတ်သင်ပစ်ဖို့အတွက် အမြို့မြို့အနယ်နယ် အဘက်ဘက်မှ စစ်မြေပြင်ကိုဖြန့်ပြီး စစ်ခင်းထားသည်” ဟု AA ဖမ်းဆီးရမိခဲ့သည့် သုံ့ပန်းတပ်သား မိုက်ကယ်၏ ထွက်ဆိုချက်အရ သိရသည်။

အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့အထိ ရွေးတုအစိုးရစစ်တပ်၏ အဆိုပါစစ်ဆင်ရေးအတွင်း စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ်ရှိ ကာကင်းစခန်း လေးခုကို သိမ်းပိုက်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် ရွှေမင်းဂံနှင့် ရဲရိုးပြင်အနီးရှိ စခန်း နှစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် ရွေးတုအစိုးရစစ်တပ်သည် AA နှင့် ရင်ဆိုင်နေရသည့် ဧရာဝတီအစပ်တိုက်ပွဲများတွင်လည်း တပ်ဖွဲ့ဝင်များ သေကျေဒဏ်ရာရရှိမှု များပြားနေပြီး စက်တင်ဘာ ၁၇ ရက်တွင် သာပေါင်း၊ စက်ဒေါင့်ကြီးမှတစ်ဆင့် ပုသိမ်မြို့သို့ သယ်ဆောင်ခဲ့ရသည်။ ပဲခူးအစပ် ညောင်ကျိုးတိုက်ပွဲတွင်လည်း သေဆုံးသွားသည့် တပ်မမှူးနေရာတွင် အစားထိုးဝင်ရောက်လာသည့် ဗိုလ်မှူးတစ်ဦး ထပ်မံသေဆုံးခဲ့သည်။
ဆက်စပ်၍ AA အပါအဝင် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားနေသည့် မကွေးအစပ် နတ်ရေကန်တိုက်ပွဲတွင်လည်း ရွေးတုအစိုးရစစ်တပ် အသုံးပြုသည့် နည်းပညာမြင့် ဒရုန်းများ ပစ်ချဖျက်ဆီးခံခဲ့ရသည်။ ရွေးတုအစိုးရစစ်တပ်အနေဖြင့် ရခိုင်ဒေသကို အလုံးစုံချေမှုန်းရန် ဘက်ပေါင်းစုံမှ စစ်ကြောင်းဖြန့် ထိုးစစ်ဆင်နေသော်လည်း ထိရောက်မှုမရှိဘဲ အဘက်ဘက်မှ အရှုံးနှင့် ရင်ဆိုင်နေရသည်ကို မြေပြင်တိုက်ပွဲ အခြေအနေများအရ သိရသည်။
ဓာတ်ပုံ-AA Info Desk