ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
စစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော Mytel အခြေစိုက်ရာ ရန်ကုန်မြို့ရှိ ရုံးချုပ်တွင် ဒေတာစင်တာ တည်ဆောက်လျက်ရှိသော်လည်း တစ်ဖက်တွင်မူ တော်လှန်ရေးနယ်မြေများနှင့် မြို့နယ်အများအပြား၌ မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းများကို ဆက်လက်ဖြတ်တောက်ထားဆဲ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ထိန်းချုပ်ထား သော ဒေသများတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးနှင့် Mobile Data အသုံးပြုခွင့်အပါအဝင် အင်တာနက် သုံးစွဲခွင့်များကို ပိတ်ပင်ထားခြင်း ဖြစ်သည်။
“Mobile data သုံးမရတာ တစ်နှစ်ကျော်ပြီ။ ဖုန်းပြောလို့တော့ရတယ်။ အင်တာနက်ဖွင့်ရင် 2G ပဲတက်တော့ ဖွင့်လို့ရတာပဲရှိတယ်။ ဘာမှသုံးမရဘူးပေါ့။ WiFi သုံးရတယ်။ ရှိတဲ့အိမ်တပ်ကြပေါ့။ ပြီးရင်မျှသုံးကြတယ်။ လိုင်းမကောင်းဘူး” ဟု ဖြူးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပဲခူးတိုင်း၊ ဖြူးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ရွေးတုအစိုးရစစ်တပ်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး စစ်တပ်ကကျေးရွာများကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။
အလားတူ ရွေးတုအစိုးရက 5G စနစ် အသုံးပြုနိုင်မည်ဟု ပြောကြားနေသော်လည်း လက်ရှိ ရန်ကုန်မြို့ ကြီးတွင်ပင် မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းများ ဆိုးရွားစွာ နှေးကွေးလျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးလုပ်ငန်းများထံမှ သိရသည်။
“စစ်အာဏာသိမ်းပြီးကတည်းက အင်တာနက်လိုင်းမကောင်းတော့တာပဲ။ အရင်က လိုင်းနည်းနည်း ကျတာနဲ့ အော်ပရေတာဆီ ဖုန်းဆက်ပြောလို့ရတယ်။ အခုလိုင်းပြတ်လို့ပြောရင်တောင် လိုင်းပြန် ကောင်းဖို့ အနည်းဆုံး တစ်ပတ်စောင့်ရတယ်” ဟု ရန်ကုန်မြို့ရှိ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့အတွင်း လမ်းမကြီးများရှိ ဖိုင်ဘာကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ ရှုပ်ယှက်ခတ်နေမှုကို ရှင်းလင်းနေခြင်းကြောင့် အင်တာနက်ကြိုး ထပ်မံချိတ်ဆက်ခွင့် မရရှိဘဲ ဝိုင်ဖိုင်လိုင်းဖြတ်တောက်ခံ ရမှုများလည်း ရှိနေသည်။
အဆိုပါ ကေဘယ်ကြိုးများ ရှင်းလင်းဆောင်ရွက်ရာတွင် မိုဘိုင်းတယ်လီဖုန်း အော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများအနေဖြင့် ဆက်လက် ပူးပေါင်းသွားရန် လိုအပ်ကြောင်း ရွေးတုအစိုးရ၏ ဆက်သွယ်ရေး ဒုဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားထားသည်။
လက်ရှိတွင် ရွေးတုအစိုးရက ခေတ်နှင့်အညီ လိုအပ်လာသည့် 5G နည်းပညာ ဝန်ဆောင်မှုပေးနိုင်ရန် အော်ပရေ တာများအတွက် လိုအပ်သည့် ကြိုးမဲ့ရေဒီယိုလှိုင်းနှုန်းစဉ် 2600MHz ကို သတ်မှတ် ခွင့်ပြုပေးအပ်ကာ စတင်အကောင်အထည်ဖော်နေကြောင်း ဆိုထားသော်လည်း မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းများနှင့် အင်တာနက်လိုင်းများကို အလုံးစုံ ထိန်းချုပ်ပြီး စောင့်ကြည့်ထောက်လှမ်းလျက် ရှိသည်။
အထူးသဖြင့် Mytel သည် စစ်တပ်၏ စီးပွားရေးအကျိုးအမြတ်အဖွဲ့အစည်း (MEC) နှင့် တိုက်ရိုက်ပတ်သက်နေသော စစ်တပ်ပိုင်အော်ပရေတာဖြစ်ပြီး အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှု၊ မက်ဆေ့ခ်ျနှင့် တည်နေရာများကို ကြားဖြတ်နားထောင် ထောက်လှမ်းရန် အလွယ်ကူဆုံး ကွန်ရက် ဖြစ်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်