ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် KTV မှ ပြန်လာသည့် လူငယ် သုံး ဦးကို အုပ်ချုပ်ရေး မှူး၏သားဖြစ်သူ ပျူစောထီးခေါင်းဆောင် ကျော်ကြီး ပါဝင်သည့်အဖွဲ့က စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးသည်ကို လူငယ်များက လက်မခံဘဲ ငြင်းဆန်ခဲ့ကြရာမှ စကားများပြီး ၎င်းတို့အဖွဲ့က ဓားဖြင့် ဝင်ရောက်ထိုးခုတ်ခဲ့သဖြင့် လူငယ် နှစ် ဦး သေဆုံးကာ တစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပန်းတနော်မြို့၊ မြို့ကွက်သစ် ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ KTV မှ ပြန်လာသည့် လူငယ် သုံး ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပျူစောထီးခေါင်းဆောင် ကျော်ကြီး အပါအဝင် ငါး ဦးအဖွဲ့က သေနတ်ပြ ခြိမ်းခြောက်၍ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် နှစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ပျူခေါင်းဆောင်ကျော်ကြီးနှင့်အဖွဲ့က ဓားဖြင့် ဝင်ရောက်ထိုးခုတ်ခဲ့ကြောင်း သိရသည်။ ဓားဖြင့် ထိုးခုတ်ခံရမှုကြောင့် လှိုင်တာ ငါးအိမ်တန်းရွာမှ မောင်ထွန်းမင်းအောင်မှာ အခင်းဖြစ်ပွားသည့် ညတွင်ပင် နှလုံးတည့်တည့် ဓားဒဏ်ရာ ငါး ချက်ဖြင့် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့သည်။

မောင်ထွန်းမင်းအောင်နှင့်အတူ ပါလာသူ မောင်နို့စို့မှာလည်း အပြင်းအထန် ဒဏ်ရာများရရှိခဲ့၍ ပန်းတနော်ဆေးရုံမှတဆင့် မအူပင်ဆေးရုံသို့ လွှဲပြောင်းကုသခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီခန့်တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် လူငယ်တစ်ဦးမှာမူ ပန်းတနော်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး အဆိုပါ ဆေးရုံတွင် ရဲတပ် ဖွဲ့ဝင်များက လုံခြုံရေးယူထားကာ မိသားစုမှအပ ဝင်ရောက်ခွင့် မပြုကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ပျူစောထီး ကျော်ကြီးသည် ဒေသခံအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်၏သားဖြစ်ပြီး ၎င်းတို့အဖွဲ့သည် မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ တရားမဝင် KTV များ ဖွင့်လှစ်ခြင်းနှင့် လူငယ်များကို စစ်မှုထမ်းရန် အကြောင်းမဲ့ အနိုင်ကျင့်ဖမ်းဆီးခြင်းများကို ဌာနဆိုင်ရာအချို့နှင့် ပေါင်းစပ်လုပ်ဆောင်နေသူများဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပြစ်မှုကျူးလွန်သူ ပျူစောထီး ကျော်ကြီးသည် ဒေသခံ အုပ်ချုပ်ရေးမှူး ခင်မောင်ကြည်၏ သားဖြစ်ပြီး ကျော်ကြီးနှင့် အဖွဲ့သည် မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ တရားမဝင် KTV များ ဖွင့်လှစ် ခြင်းနှင့် လူငယ်များကို စစ်မှုထမ်းရန် အကြောင်းမဲ့ အနိုင်ကျင့် ဖမ်းဆီးခြင်းများကို ဌာနဆိုင်ရာအချို့နှင့် ပေါင်းစပ် လုပ်ဆောင်နေသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ ဓားထိုးမှုဖြစ်ပွားပြီးနောက် အုပ်ကြီး(အုပ်ချုပ်ရေးမှူး)သား ကျော်ကြီး တစ်ဦးတည်းကိုသာ ဟန်ပြဖမ်းဆီးထားပြီး အမှုမှလွတ်မြောက်စေရန်နှင့် သတင်းများ ပြင်ပသို့ မပေါက်ကြားစေရန် မူးယစ်ဆေးနှင့် သစ်မှောင်ခိုလုပ်ကိုင်သူများက ကာကွယ်ပေးနေကြောင်း သိရသည်။

ထို့အပြင် သတင်းဌာနများသို့ သတင်းပေးပို့ခြင်းမပြုရန်နှင့် နာရေးအိမ်များသို့ ပျူစောထီးများလွှတ်၍ မိသားစုဝင်များကို ဖိအားပေးခြိမ်းခြောက်ထားပြီး အမှုဖျောက်ဖျက်ရန် ကြံစည်နေကြောင်း ဒေသခံများ ထံမှ သိရသည်။