‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂၁ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ​ခေနံအုပ်စုအတွင်းရှိ ရိုးအတိုင်း ဒေသတွင်း စားသုံးရန်အတွက် ဆန်အိတ် ၂၀ ခန့် တင်ဆောင်လာသော စက်လှေကို စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ငွေညှစ် ပစ္စည်းသိမ်းရန် စက်တင်ဘာ ၁၉ရက်က ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎​အဆိုပါ ဆန်များမှာ ဝံလိုဂယ်၊ ကုန်းစွန်း၊ တောင်တက်ကြီး စသည့် ဈေးဆိုင်များသို့ ဒေသတွင်း စားသုံးရန် ရောင်းချပေးမည့် ဆန်များ ဖြစ်ပြီး၊ စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က တစ်အိတ်လျှင် ကျပ်သုံးသောင်း တောင်းခံခဲ့ကြောင်း သိရသည်။ နှစ်သောင်းကျပ်ဖြင့် ညှိနှိုင်းသော်လည်း ခွင့်မပြုဘဲ ဆန်အိတ်များကို ဘုရားကြီးစခန်းအတွင်း ထမ်းတင်ခိုင်းကာ သိမ်းဆည်းထားပြီး ငါး ရက်အကြာမှ လာရောက်ရွေးယူရန် ပြောဆိုခဲ့သည်။

‎”ကျနော်တို့ ရိုးမအခြေက ရွာတွေဆိုတာက စက်ဒေါင့်ကြီး၊ ဘုရားကုန်း (ဖရေကုန်း) ကနေ ဒေသတွင်းက ဆိုင်တွေက တဆင့်ယူရောင်းလို့ ဒေသခံတွေ စားနေရတာပါ။ ခုသူတို့က အဲဒီလိုတောင်းတော့ ဈေးတွေအလွန်ကြီးကုန်မှာ။ ပိုဆိုးမှာက လာပို့မယ့် ပွဲစားတောင် မပို့တော့ရင် ဆန်တစ်ပြည်အတွက် ကမ်းခြေဆင်းဝယ်ရကိန်း ဆိုက်ကုန်တော့မှာပေါ့” ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎​ထိုနေ့မှာပင် စက်ဒေါင့်ကြီးမှ ကုန်သည်တစ်ဦးက စက်လှေဖြင့် အလုပ်သမားများအတွက် ဆန်အိတ်အချို့ တင်ဆောင်လာရာတွင်လည်း ထပ်မံဖမ်းဆီးခံခဲ့ရပြီး ညှိနှိုင်းပြေလည်သဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယမန်နေ့၌ပင် ထန်းဇင်လှ‌ကေးရွာ အုပ်ချုပ်ရေးမှူး၏ သစ်ခွဲသားစက်လှေကိုလည်း ဖမ်းဆီးငွေညှစ်ကာ ဆယ်သိန်းကျပ် တောင်းခံခဲ့ရာ ငါးသိန်းကျပ်ကို တောင်းတောင်းပန်ပန်ဖြင့်ပေးမှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

‎​ယခုကဲ့သို့ ငဝန်မြစ်အနောက်ခြမ်းရှိ လဟာကြီးကွင်း၊ အနောက်ဘက်ရိုးမအစပ်ရှိ လဟာဂမုန်း၊ ကြက်နွယ်ကွင်း၊ အနန်းကုန်း၊ ခွေးကုတ်၊ ဝံလိုဂယ်၊ ကုန်းစွန်း၊ စမ်းကြီး၊ တောင်တက်ကြီး၊ လှည်းထောက်ကုန်း၊ ဘွားကြီးကျော စသည့် ကျေးရွာများတွင် သစ်ခုတ်၊ ဝါးခုတ် လုပ်ကိုင်ကြပြီး၊ အရှေ့ဘက်ကမ်းမှ ထွက်ရှိသော ဆန်စပါးကို မှီခိုစားသောက်နေကြရခြင်း ဖြစ်သည်။

‎”လဟာကြီးကွင်းဆိုတာက လေလေးနည်းနည်းတိုက်တာနဲ့ ကွင်းကို လှေဖြတ်လို့ မရဘူးဗျ။ လှိုင်းက ပင်လယ်တံငါလိုပဲ။ တောသားတွေ အိမ် ၂၀ မှာ တစ်အိမ်တောင် လှေရှိတာမဟုတ်ဘူး၊ ဘယ်လိုကူးပြီး ဝယ်မလဲ” ဟု အမျိုးသမီးတစ်ဦးကလည်း ဒေသတွင်း သွားလာရောင်းဝယ်ရေး ခက်ခဲမှုနှင့် ပတ်သက်၍ ပြောဆိုသည်။

‎ထို့ကြောင့် ဒေသရှိ ဈေးဆိုင်များမှ ရောင်းချပေးသော ဆန်နှင့် စားသောက်ကုန်များကို အားထားနေကြရသော်လည်း ယခုကဲ့သို့ အတောင်းအရမ်း ကြမ်းလာပါက ဒေသတွင်း စားဝတ်နေရေး အခက်အခဲ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။