ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင် ဂျမင်နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အပေါ် ဘက်ပေါင်းစုံမှ အရေး ယူမှုတွေ ပြုလုပ်ဖို့ အမေရိကန်အစိုးရက ပြင်ဆင်နေပါတယ်။

ဒီအရေးယူမှုတွေကို ယခုသီတင်းပတ်အတွင်းမှာ တရားဝင် ကြေညာနိုင်ဖွယ်ရှိပြီး ICC ကို ပစ်မှတ် ထားအရေးယူတာ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ယခင်က ICC တရားသူကြီးတွေနဲ့ အစိုးရရှေ့နေအချို့ကိုသာ ဒဏ်ခတ်အရေး ယူခဲ့ပေမဲ့ ICC တစ်ဖွဲ့လုံးကို အရေးယူဖို့ ပြင်ဆင်တာဟာ မကြုံစဖူး ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူမှုကြောင့် ICC ဟာ အမေရိကန်ဒေါ်လာနဲ့ ငွေကြေးပေးချေမှုတွေ ဆောင်ရွက် နိုင်တော့မည် မဟုတ်သလို နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တွေကို သုံးစွဲခွင့်လည်း ပိတ်ပင်ခံရနိုင်ပါတယ်။

အမေရိကန်အစိုးရဟာ အစ္စရေးခေါင်းဆောင်တွေအပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းတွေကို ရုပ် သိမ်းပေးဖို့နဲ့ အာဖဂန်နစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုတွေ ကို စွန့်လွှတ်ဖို့ ICC ကို ဖိအားပေးနေပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ICC က နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂါးလန့်တို့ကို ဂါဇာမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီး အစ္စရေးနဲ့ အမေရိကန်တို့က ယင်းခုံရုံးရဲ့ လုပ်ပိုင်ခွင့်ကို ငြင်းပယ်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက နိုင်ငံတကာအနေနဲ့ ICC ကနေ နှုတ်ထွက်ကြဖို့ လှုံ့ဆော်ထားပြီး အဖွဲ့အစည်းကို သီးခြားခွဲထုတ်ပစ်ဖို့ သံတမန်ရေးအရ လုပ်ဆောင်နေပါတယ်။

ဒီလို ဘဏ္ဍာရေးနဲ့ သံတမန်ရေးအရ ပိတ်ဆို့မှုတွေကြောင့် ICC ရဲ့ သတင်းအချက်အလက် နည်း ပညာ၊ ဘဏ်လုပ်ငန်းနဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းသွားနိုင်တယ်လို့ သိရပါတယ်။

ICC က ယခုလို သံတမန်ရေးအရ ဖိအားပေးမှုတွေဟာ နိုင်ငံတကာ ဥပဒေစိုးမိုးရေး စနစ်တစ်ခုလုံး ရဲ့ ယုံကြည်မှုကို ထိခိုက်စေတယ်လို့ သတိပေးထားပါတယ်။

နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု ကြေညာနိုင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ကိုးကား – Reuters
Ref; Trump preparing sweeping sanctions against ICC after Netanyahu arrest warrant