ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာသို့ လက်နက်ခဲယမ်းများ ပို့ဆောင်ရန် လာရောက်သည့် ရွေးတုအစိုးရစစ်တပ်၏ Mi-17 စစ်ရဟတ်ယာဉ်ကို ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့ မွန်းလွဲပိုင်းက FPV အသေခံဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် ပေါက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒရုန်းတပ်ဖွဲ့ဝင်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဂုဏ်ပြုဆုငွေ ကျပ်သိန်းတစ်သောင်း (၁၀,၀၀၀,၀၀၀,၀၀၀ ကျပ်) နှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mi-17 စစ်ရဟတ်ယာဉ် တိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး တော်လှန်ရေးအတွက် ကြီးစွာအထောက်အကူပြုခဲ့သလို ပြည်သူလူထုကိုလည်း စိတ်ဓာတ်တက်ကြွ စေခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့ပြီး ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် ခုနစ် ဦးဖြစ်သည့် ရဲဘော် ခွန်နောင် (ပေါက်ပကဖ၊ ဒရုန်းတပ်ဖွဲ့)၊ ရဲဘော် လီဆာ (ပေါက်ပကဖ၊ ဒရုန်းတပ်ဖွဲ့)၊ ရဲဘော် အသေးလေး (MGY PDF)၊ ရဲဘော် ဒေါင်းမင်း (မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်း)၊ ရဲဘော် အဆိုတော် (အညာဖိုက်တာ Local အဖွဲ့၊ မြိုင်) နှင့် ရဲဘော် ဖက်တီးလေး (ဗိုလ်စကားပြောက်ကျားတပ်ဖွဲ့၊ တိုက်နယ် ၅ ပကဖ) တို့ကို အသိအမှတ်ပြု ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်တာဝန်ရှိသူများ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်နှင့် ဆုရ ရဲဘော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့ခေါင်းဆောင် ရဲဘော်ကိုချမ်းက ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့မှု အခြေအနေများကို တင်ပြခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဂုဏ်ပြုဆုငွေ ကျပ်သိန်းတစ်သောင်းကို ချီးမြှင့်ခဲ့ပြီးကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့သည်။
ဂုဏ်ပြုခံ ရဲဘော်များကိုယ်စား ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော် နက္ခတ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ မဟာမိတ် တော်လှန်ရေးအဖွဲ့များ၏ စုပေါင်း အားဖြင့် ရွေးတုအစိုးရစစ်တပ်၏ စစ်ရဟတ်ယာဉ်ကို တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ စစ်ဘက်ဗဟိုချက်မ နေရာများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမည်ဖြစ်ကြောင်း NUG နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့၏ ပူးတွဲဂုဏ်ပြု သဝဏ်လွှာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ-NUG