ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ စက်တင်ဘာ ၂၀ ရက်)

မနက်ခင်းနေရောင်နွေးနွေးမှာ ပန်းတစ်ပွင့်ပေါ်ကို ပျားတစ်ကောင်လာနားတယ်။ ပန်းဝတ်မှုန်တွေ ကိုယ်ပေါ်မှာသယ်ဆောင်ပြီး နောက်ပန်းတစ်ပွင့်ဆီ ပျံသွားတယ်။ ဒါက သာမန်မြင်ကွင်းလေး တစ်ခု ဆိုပေမယ့် လူသားတွေအတွက် အစားအစာ၊ စိုက်ပျိုးရေး၊ ဇီဝမျိုးစုံကွဲပြားမှု၊ လူ့ကျန်းမာရေးနဲ့ စီးပွားရေးတွေအထိပါ ဆက်စပ်နေပါတယ်။

ကမ္ဘာ့အစားအစာသီးနှံအမျိုးအစားတွေရဲ့ လေးပုံသုံးပုံခန့်ဟာ ပျားအပါအဝင် တိရစ္ဆာန်ဝတ်မှုန် ကူးသူတွေရဲ့ အကူအညီကို တစ်စိတ်တစ်ပိုင်း လိုအပ်ကြပြီး ကမ္ဘာ့သီးနှံထုတ်လုပ်မှုရဲ့ ခန့်မှန်းခြေ ၃၅ ရာခိုင်နှုန်းကို အထောက်အကူပြုပေးနေပါတယ်။ ပျားဆိုတာ ပျားရည်ထုတ်ပေးတဲ့ အင်းဆက်တစ်မျိုး တည်း မဟုတ်ပါဘူး။ အစားအစာတွေ ရရှိလာဖို့ ကူညီထောက်ပံ့ပေးနေတဲ့ မိတ်ဆွေကောင်းလည်း ဖြစ်ပါတယ်။

🟥ပျားနှင့် ဝတ်မှုန်ကူးခြင်း

ပန်းတစ်ပွင့်မှာ အထီးမျိုးပွားအင်္ဂါက ဝတ်မှုန်ထုတ်ပေးပြီး ပန်းပွင့်အမမျိုးပွားအင်္ဂါပေါ် ဝတ်မှုန် လက်ခံကာ အသီးဖြစ်ထွန်းပါတယ်။ ပျားက ပန်းတစ်ပွင့်ကနေ နောက်ပန်းတစ်ပွင့်ဆီ ပျံသန်းတဲ့အခါ ကိုယ်ပေါ်ကဝတ်မှုန်တွေကို သယ်ဆောင်ပေးနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို Pollination ဆိုတဲ့ ဝတ်မှုန်ကူးခြင်း လို့ခေါ်ပါတယ်။

ဝတ်မှုန်ကူးခြင်းက အပင်တွေမျိုးပွားပြီး အသီး၊ အစေ့ဖြစ်ပေါ်လာဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ နေ့စဉ်စားသောက်နေကြတဲ့ အသီးအနှံများ၊ ဘူးနဲ့ဖရုံသီးမျိုးနွယ်အပင်များ၊ အခွံမာသီးများ၊ နေကြာစိုက်ခင်းများ၊ ကော်ဖီနဲ့ ထောပတ်စတဲ့ တောင်ပေါ်စိုက်ခင်းများအပြင် မျိုးစေ့ထုတ်သီးနှံများစွာ ဟာ ပျားနဲ့ဝတ်မှုန်ကူးပေးသူတွေရဲ့ အကူအညီကြောင့်သာ အထွက်တိုးကြတာ ဖြစ်ပါတယ်။

ပျားမရှိရင် လူသားအားလုံး အစာငတ်မယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပေမယ့် ပျားအပါအဝင် ဝတ်မှုန်ကူးသူတွေ လျော့နည်းလာရင် အစားအစာမျိုးစုံ၊ အာဟာရနဲ့ စိုက်ပျိုးရေးစနစ်ကို ထိခိုက်နစ်နာ စေမှာကတော့ အမှန်ပါပဲ။

🟥ပျားအုံထဲမှ ပျားအမျိုးအစားများ

ပျားအုံတစ်အုံဟာ လူ့အသိုင်းအဝိုင်းတစ်ခုလိုပါပဲ။ ပျားအုံရဲ့မျိုးပွားမှုကို အဓိကတာဝန်ယူပေးနေတဲ့ အကြီးဆုံးပျားကတော့ ပျားဘုရင်မ (Queen Bee) ပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ပျားဥ နှစ်ထောင် ကျော်ဥနိုင်ပြီး သက်တမ်း နှစ်နှစ်မှ ငါးနှစ်အထိ ရှိပါတယ်။ ဘဝတစ်လျှောက်လုံး အာဟာရ အလွန်ကြွယ်ဝတဲ့ အဆီအနှစ် “ရွိုင်ရယ်ဂျယ်လီ” (Royal Jelly) ကိုသာ အထူးအခွင့်ထူးခံအနေနဲ့ စားသုံးရပါတယ်။

ရွိုင်ရယ်ဂျယ်လီ စားခွင့်မရတဲ့ ပျားမတွေကတော့ သာမန်လုပ်သားပျားအဖြစ် ရှင်သန်ကြရပြီး ပျားအုံရဲ့ ၉၉ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ပန်းဝတ်ရည်စုဆောင်းခြင်း၊ ဝတ်မှုန်ကူးပေးခြင်း၊ ပျားရည်ပြုလုပ်ခြင်း၊ ပျားငယ်များကို ပြုစုခြင်းနဲ့ ရန်သူကို အဆိပ်တံစို့နဲ့ တုပ်ခြင်းအပါအဝင် လုပ်ငန်းများစွာကို မရပ်မနား ဆောင်ရွက်နေကြတာကတော့ လုပ်သားပျား (Worker Bee) တွေပဲ ဖြစ်ပါတယ်။ ပျားထီး (Drone) တွေကတော့ မိတ်လိုက်ဖို့အတွက် မျိုးပွားရေးတာဝန်ကိုသာ ထမ်းဆောင်ပြီး မျိုးပွားတာဝန်ပြီးပြီးချင်း သေဆုံးတတ်ကြပါတယ်။

🟥ပျားရည်နှင့် ကျန်းမာရေး

ပျားတွေစုဆောင်းလာတဲ့ ပန်းဝတ်ရည်ဟာ ပျားအုံထဲရောက်တဲ့အခါ အန်ဇိုင်းတွေနဲ့ဓာတ်ပြုပြီး ပျားရည်ဖြစ်လာပါတယ်။ ပျားရည်ကို ရှေးခေတ်ကတည်းက အစားအစာအဖြစ်သာမက ဆေးဝါး အဖြစ်ပါ သုံးခဲ့ကြပါတယ်။ ပျားရည်မှာ အာဟာရဓာတ်တွေ မြင့်မားစွာပါဝင်ပြီး ရောဂါပိုးမွှား သေစေခြင်း၊ ဓာတ်တိုးဆန့်ကျင်စေခြင်းနဲ့ အနာကျက်စေခြင်းစတဲ့ စွမ်းရည်တွေကို သိပ္ပံသုတေသန တွေက တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ရောဂါတိုင်းကို မကုသနိုင်ပါဘူး။

အထူးသဖြင့် အသက် တစ်နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို ပျားရည်မကျွေးသင့်ပါဘူး။ ပျားရည်မှာပါတဲ့ Clostridium botulinum ဗက်တီးရီးယား ပိုးစို့ဥတွေကြောင့် ကလေးငယ်တွေမှာ အူထိခိုက်အဆိပ်သင့်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒီ Clostridium botulinum ပိုးရဲ့အဆိပ်က အများသိကြတဲ့ မျက်နှာတင်းရင်းအရွယ်တင်ဖို့ ထိုးကြတဲ့ဆေး Botox အဆိပ်ပဲ ဖြစ်ပါတယ်။

🟥ပျားကော်စေး (Propolis) နှင့် ရွိုင်ရယ်ဂျယ်လီ

ပျားတွေက သစ်စေးကော်တွေကို စုဆောင်းပြီး ပျားအုံကိုကာကွယ်ဖို့ ပျားကော်စေး (Propolis) ကို ပြုလုပ်ကြပါတယ်။ ပျားကော်စေးမှာ သဘာဝဆေးဝါးဓာတ်များ ပါဝင်လို့ ခံတွင်းအပူနာ ကုသရာမှာနဲ့ ဆီးချိုရောဂါ ဆေးဝါးတွေအတွက် အသုံးပြုကြပါတယ်။ ရွိုင်ရယ်ဂျယ်လီကိုတော့ လူတွေက အားဆေးနဲ့ အလှအပဆိုင်ရာ ဖြည့်စွက်စာအားဆေးအဖြစ် မှီဝဲကြပါတယ်။

ပျားကော်စေးမှာ polyphenols၊ flavonoids စတဲ့ သဘာဝဆေးဝါးတွေ ပေါင်းစပ်ပါဝင်တာကြောင့် တိုင်းရင်းဆေး ထုတ်လုပ်ရေး နဲ့ ခေတ်သစ်ဆေးသုသေတနတွေမှာ လေ့လာလျက်ရှိနေပါတယ်။ ခံတွင်း အပူနာကုသတာ နဲ့ ဆီချိုရောဂါဆေးအတွက်လည်း ပျားကော်စေးကို သုံးနေကြပါတယ်။ တယော နဲ့ အနောက်တိုင်းတူရိယာတွေ အရောင်တင်ဖို့လည်း ပျားကော်စေးကို ကုန်ကြမ်းအဖြစ်လည်း သုံးနေကြဆဲ ဖြစ်ပါတယ်။

🟥ရွိုင်ရယ်ဂျယ်လီ Royal Jelly ဓာတ်ဆာ

Royal Jelly ဟာ လုပ်သားပျားတွေက ထုတ်လုပ်တဲ့ အာဟာရပြည့် ဂျယ်လီဖြစ်ပြီး ပျားဥ ပျားသားလောင်းဘဝမှာ အရေးကြီးသလို ပျားဘုရင်မ ရဲ့ အစာအဖြစ်လည်း အသုံးပြုပါတယ်။

လူတွေအတွက်တော့ Royal Jelly ကို ဖြည့်စွက်ဓါတ်ဆာ အဖြစ် လှပ နုပျို ကျန်းမာစေတယ်လို့ ယူဆပြီး မှီဝဲကြပါတယ်။ အားဆေးအဖြစ်လည်း သောက်သုံးကြပါတယ်။ Royal Jelly စားရင် လူလည်း ပျားဘုရင်မ လို အသက်ရှည်မယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက်တော့ မရှိပါဘူး။

🟥ပျားအဆိပ် Bee venom

ပျားတုပ်တယ်ဆိုတာ အဆိပ်အရည်အိတ် ထဲကပျားအဆိပ်တွေကို အမြီးချွန်မှ တဆင့် ရန်သူ့ကို ထိုးသွင်းတိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်။ ပျားအဆိပ်မှာ -melittin -apamin -phospholipase A2 စတဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပြီး နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဓာတ်မတည့်ခြင်း စတာတွေ ဖြစ်ရပါတယ်။

🟥ပျားတုပ်ခံရရင်

ပျားတုပ်ခံရပြီး နာခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ ယားခြင်း တွေကို ခံစားရတတ်ပါတယ်။ ပျားတွေ ထပ်ဝိုင်းလာနိုင်တဲ့နေရာမှာ မနေပါနဲ့။အန္တရာယ်ကင်းတဲ့နေရာကို အမြန်ရွေ့ပါ။

ပျားက အဆိပ်အိတ် နဲ့ အမြီးချွန် (stinger) ချန်ထားခဲ့ရင် အမြန်ဖယ်ပါ။အဆိပ်အိတ်ကို လက်နဲ့ ဖိညှစ်တာမျိုး မလုပ်ပါနဲ့။ အဆိပ်အိတ်ကို ညှစ်မိတာက အဆိပ်ပိုဝင်စေပါတယ်။ လက်သည်းနဲ့ဖြစ်စေ ဇာဂနာဖြင့်ဖြစ်စေ ညင်သာစွာ ခြစ်ထုတ်ဖယ်ရှားပါ။ ပျားတုပ်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ ရေသန့်သန့် သုံးကာ သန့်ရှင်းပါ။ ရေခဲအိပ်ကပ်ပါ။ ရေခဲကို အရေပြားပေါ် တိုက်ရိုက်မတင်ဘဲ အဝတ်နဲ့ပတ်ပြီး ၁၀–၂၀ မိနစ်ခန့် ကပ်နိုင်ပါတယ်။

ပျားတုပ်ခံရပြီးရောင်နေတဲ့ခြေ လက်တွေကို ကို မြှင့်ထားနိုင်ပါတယ်။လက်စွပ်၊ လက်ကောက် စတာတွေရှိရင် ဖောင်းတင်း ရောင်ရမ်းမလာခင် ဖယ်ထားပါ။ Calamine သို့မဟုတ် hydrocortisone cream လိမ်းဆေး လိမ်းနိုင်ပါတယ်။ အယားပြေဆေး နှင့် အနာပျောက်ဆေး သောက်ဖို့လိုအပ် နိုင်ပါတယ်။

ဓာတ်မတည့်မှုဖြစ်လျှင် ပြင်းပြင်းထန်ထန်ယားယံလာလျှင် မပေါ့ဆဘဲ ဆရာဝန်နဲ့ပြသပါ။ ပျားတုပ် တာဟာ လူအများစုမှာ အသေးစားထိခိုက်မှုဆိုပေမယ့်လည်း အချို့လူတွေမှာတော့ အသက်အန္တရာယ် ရှိတဲ့ ပြင်းထန်ဓာတ်မတည့်ခြင်း Anaphylaxis အထိဖြစ်နိုင်ပါတယ်။

ပျားတုပ်ခံပြီးနောက်အသက်ရှူခက်ခြင်း၊ လည်ချောင်း၊လျှာနှင့်နှုတ်ခမ်းတွေရောင်ခြင်း၊ တစ်ကိုယ်လုံး အင်ပျဉ်ထခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း၊ ရုတ်တရက် သွေးပေါင်ကျခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ တရွှီရွှီ အသက်ရှူသံမြည်ခြင်းစတဲ့ လက္ခဏာတွေ ဖြစ်လာရင် သေစေနိုင်လောက်တဲ့ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ ဆေးရုံရဲ့ အရေးပေါ်ကုသခန်းမှာ အမြန်အသက်ကယ်ရမှာပါ။ Venom Immunotherapy အဆိပ်ကိုယ်ခံအားကုထုံး လို့ခေါ်တဲ့ နောင်အခါ ပျားတုပ်မှုကြောင့် ပြင်းထန်ဓါတါမတည့်ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ Allergy specialist ဓါတ်မတည့်ခြင်းရောဂါအထူးကုနဲ့ တိုင်ပင်ကုသရပါမယ်။

🟥ပျားမွေးမြူရေးနှင့်ပျားရည်

ပျားမွေးမြူရေးလုပ်ငန်း (Beekeeping Apiculture ) ဆိုတာ ပျားရည် ပျားဖယောင်း (Beeswax) ပျားကော်စေး(Propolis) ရွိုင်ရယ်ဂျယ်လီ (Royal Jelly) စတဲ့ ပျားထွက်သယံဇာတတွေသာမက ဒေသရဲ့ ဝတ်မှုန်ကူးခြင်း အသီးအနှံဖြစ်ထွန်းခြင်း ကျေးလက်ဒေသဝင်ငွေစိုက်ပျိုးရေးထုတ်လုပ်မှုတွေနဲ့ပါ ဆက်စပ်နေပါတယ်။ပျားမွေးမြူရေးဟာ သဘာဝထိန်းသိမ်းရေးနဲ့ စီးပွားရေးကို ချိတ်ဆက်ပေးနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

🟥ပျားထိန်းသိမ်းရေးအလေးထားပါ

အိမ်ခြံဝန်းထဲမှာ ပန်းပင်မျိုးစုံ စိုက်ပါ။ဒေသခံပန်းပင်တွေ မျိုးရင်းပင်တွေကို ထိန်းသိမ်းပါ။ပျားနှင့် အင်းဆက်တွေသေကြေစေနိုင်တဲ့ ပိုးသတ်ဆေးကို မလိုအပ်ဘဲ မသုံးပါနဲ့။ပျားတွေနေထိုင်နိုင်တဲ့ သဘာဝနေရာတွေကို မဖျက်ဆီးပါနဲ့။ပျားအုံကို မနှောင့်ယှက်ပါနဲ့။ပျားမွေးမြူရေးလုပ်သူတွေကို အားပေးပါ။

ပျားက ဝတ်မှုန်ကူးပေးမယ့် ပန်းပွင့်တွေ၊ အဲဒီပန်းတွေကနေ ဖြစ်လာမယ့် အသီးတွေ၊ အဲဒီအသီးတွေကို စားမယ့် တိရစ္ဆာန်တွေနဲ့ လူတွေ၊အဲဒီအပင်တွေနဲ့ ဆက်စပ်နေတဲ့ ecosystem ဂေဟစနစ်တစ်ခုလုံးကိုပါ ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။

နောက်တစ်ပတ်မှာတော့ “ချောင်းဆိုးခြင်း” ဆောင်းပါးကို ဖော်ပြမှာဖြစ်ပါတယ်။ စောင့်မျှော်ကြပါဦး။ အားလုံးပဲ ကျန်းမာကြပါစေ။