ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ရက်
ရခိုင်ပြည်နယ်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စက်တင်ဘာလ ၁၆ ရက်က ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအကြား တိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သော ရွေးတု အစိုးရစစ်တပ် တပ်ဖွဲ့ဝင်တစ်ဦး၏ ထွက်ဆိုချက်အရ တွေ့သည့်နေရာတွင် ကလေးပါမချန် သတ်ဖြတ် ရန် ညွှန်ကြားခံထားရကြောင်း သိရသည်။
စစ်တပ်၏ ပုဏ္ဏားကျွန်းအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ် လက်အောက်ခံ၊ ခလရ-၂၅၂ တပ်ရင်းမှ တပ်သား အောင်ပြည့်စုံ ကို အာရက္ခတပ်တော် (AA) က လက်ရဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“တွေ့တဲ့နေရာ ကလေး၊ လူကြီးမချန် သတ်ပစ်။ နွားတွေ့ရင် နွားဆွဲ၊ ကြက်တွေ့ရင် ကြက်ဆွဲဖို့ ညွှန်ကြားထားပါတယ် ခင်ဗျ” ဟု ၎င်းက ဖြေကြားထားသည်။

ဖမ်းဆီးရမိထားသူ တပ်သား အောင်ပြည့်စုံ၏ ထွက်ဆိုချက်အရ စစ်တပ်အတွင်း အမိန့်ပေးကွပ်ကဲမှု၊ အချင်း ချင်း စာနာထောက်ထားမှုနှင့် သစ္စာရှိမှုများ လုံးဝမရှိတော့ကြောင်း သိရသည်။
စစ်သင်တန်းဆင်းပြီးနောက် ဖမ်းဆီးရမိသည့်အချိန်အထိ တိုက်ပွဲအတွင်း အထက်အရာရှိများက စွန့်ပစ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ကျန်ရစ်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်တပ်အတွင်း အရာရှိများ၏ ကိုယ်ကျိုးကြည့်မှု၊ တပ်ဖွဲ့ဝင်အချင်းချင်း သစ္စာမရှိမှုနှင့် စာနာစိတ်ကင်းမဲ့မှုတို့ကြောင့် တပ်ဖွဲ့ဝင်များအကြား စိတ်ဓာတ်ကျဆင်းလျက်ရှိကြောင်း ၎င်းကထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်တပ်ဘက်မှ ထွက်ပြေးပါက ပြန်လည်ပစ်ခတ်ခြင်း သို့မဟုတ် ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ ဖမ်းဆီးရမိပြီးနောက် အာရက္ခတပ်တော် (AA) ဘက်မှ ထမင်း၊ ရေ၊ အစားအစာ၊ ဆေးဝါးနှင့် စောင့်ရှောက်မှုများကို ကောင်းမွန်စွာ ထောက်ပံ့ပေး ထားကြောင်းလည်း ၎င်းက ထွက်ဆိုထားသည်။
ထို့အပြင် နောက်ထပ်ထွက်ဆိုသူ စစ်တပ်တပ်ဖွဲ့ဝင် တပ်သား မိုက်ကယ်ကလည်း အခွင့်အရေးရလျှင် ထွက် ပြေးကြရန် တိုက်တွန်းဖြေကြားထားသည်။
အဆိုပါ တိုက်ပွဲအတွင်းမှ ရရှိခဲ့သည့် လက်နက်ခဲယမ်းများ၊ ဒရုန်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများ၏ ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများကိုလည်း အများပြည်သူ သိရှိနိုင်ရန် AA က ထုတ်ပြန် ထားသည်။
ဓာတ်ပုံ-AA Info Desk