ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်

 

အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် ရွေးတုအစိုးရ စစ်တပ်၏ ဧရာ၀တီတိုင်း ၊ ရေကြည်မြို့နယ်ရှိ အမြောက်တပ်ရင်း အမတ – ၃၄၄ အနီး တစ်မိုင်ခန့်အကွာအထိ ရောက်ရှိလာနေ ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

ထို့ပြင် အဆိုပါဒေသရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အများစုသည်လည်း ရိက္ခာပြတ်လပ်မှုနှင့် စားနပ် ရိက္ခာ အခက်အခဲများကြောင့် စခန်းများကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများအတွင်း ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားသည့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင် များ၏ ရုပ်အလောင်းများကို စက်ဒေါင့်ကြီးဘက်မှတစ်ဆင့် ပုသိမ်မြို့သို့ မော်တော်ယာဉ်များဖြင့် အသုတ်လိုက် ပြန်လည်သယ်ဆောင်ပေးနေရသည်။

“ပုသိမ်ဆေးရုံထဲ အရာရှိတွေကို အဓိကသယ်လာပြီး ကုပေးနေတယ်လို့ သိရတယ်။ မဆရ ၄ ဘက်မှာလည်း လူနာအပြည့်ပဲ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စက်တင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က သာပေါင်းဘက်မှတစ်ဆင့် ပုသိမ် ပြည်သူ့ဆေးရုံကြီးသို့ စစ်တပ်ပိုင် FAW မော်တော်ယာဉ် တစ်စီးဖြင့် ဒဏ်ရာရ စစ်သားများကို လာရောက်ပို့ဆောင်ခဲ့သည်။ အဆိုပါယာဉ်ပေါ်တွင် လက်၊ ခြေနှင့် ခေါင်းတို့၌ ပြင်းထန်ဒဏ်ရာ ရရှိထားသည့် အရာရှိ သုံး ဦးအပါ အဝင် စစ်သား ခုနစ် ဦးခန့် ပါဝင်ပြီး ဆေးရုံသစ် အပေါ်ထပ်သို့ ရွှေ့ပြောင်းကုသပေးနေကြောင်း သိရသည်။

 

လက်ရှိတွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ သံဃာဆောင်အနောက်ဘက် အဆောက်အအုံ၌ ဒဏ်ရာရ စစ်သားများကို သီးသန့်ထားရှိကာ ဆေးဝါးကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)