ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ညီလာခံနောက် ဆုံးနေ့တွင် ဦးခင်ရီကို ပါတီဥက္ကဋ္ဌအဖြစ် ထပ်မံရွေး ချယ်ခဲ့ပြီး ယခင်လူဟောင်းများကသာ ပါတီ၏ အဓိကဦးဆောင်နေရာများကို ဆက်လက်ချုပ်ကိုင်ထားသည်ကို တွေ့ရသည်။
ယနေ့စက်တင်ဘာ ၂၀ ရက်နေ့တွင် ပြီးဆုံးခဲ့သည့် ကြံ့ဖွံ့ပါတီညီလာခံမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ၄၆ ဦးကို ပြန်လည်ဖွဲ့စည်းရာ၌ ဦးခင်ရီက ဥက္ကဋ္ဌ၊ ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေးတို့က ဒုတိယဥက္ကဋ္ဌ၊ ဦးတင်အောင်ချစ်က အထွေထွေအတွင်းရေးမှူး၊ ဦးအောင်စိုးက တွဲဖက်အတွင်းရေးမှူးအဖြစ် အသီးသီး ပြန်လည်အရွေးခံခဲ့ရသည်။

ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်၍ အစောပိုင်းက သတင်းထွက်ပေါ်ခဲ့သည့် ရွေးတုသမ္မတ မင်းအောင်လှိုင်၏ စေလွှတ်ချက်များထက် ပါတီ၏ မူလလူဟောင်းများကသာ အဓိကနေရာများကို ဆက်လက်ရယူနိုင်ခဲ့ပြီး မင်းအောင်လှိုင်၏ လူယုံ အောင်လင်းဒွေးမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်လာခြင်း မရှိသကဲ့သို့ စစ်ဗိုလ်ချုပ်ဟောင်းအချို့လည်း ပါတီ၏ ထိပ်တန်းနေရာများ မရရှိခဲ့ပေ။
သို့သော် စစ်တပ်မှ အငြိမ်းစားယူလာသည့် ဗိုလ်ချုပ်ဟောင်းများဖြစ်ကြသည့် ဦးသက်ပုံနှင့် ဦးစိုးတင့်နိုင်တို့မှာမူ ဗဟိုအလုပ်အမှုဆောင်များအဖြစ် ပါဝင်လာခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးလှထွန်းကမူ ယနေ့ညီလာခံတွင် ရာထူးမှ အနားယူကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအပြင် ပါတီ၏ ဗဟိုကော်မတီဝင် ၃၃၆ ဦးနှင့် အရံဗဟိုကော်မတီဝင် ၆၈ ဦးတို့ကိုလည်း အသစ်ထပ်မံ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။