ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ရက်
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အချိန်ကြာမြင့်စွာ တရားမဝင် ပြုလုပ်နေသည့် နာမည်ကြီး ကြက်တိုက်လောင်းကစားဝိုင်းကြီးတစ်ခုကို ရွေးတုအစိုးရစစ်တပ်လက်အောက်ခံ ရဲနှင့် လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စု၊ ဇရပ်ကွင်း ကျေးရွာရှိ ကျော်သူဆိုသူ ပိုင်ဆိုင်သော နေအိမ်ခြံဝင်းအတွင်း အလျား ပေ ၁၀၀၊ အနံ ပေ ၄၀ ခန့်ရှိ အမိုးပါတဲအတွင်း ပေ ၂၀ ပတ်လည်ခန့်ရှိ ကြက်ဝိုင်း (၃) ဝိုင်းပြုလုပ်၍ တရားမဝင် ကြက်တိုက်လောင်းကစား ပြုလုပ်နေချိန် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“တစ်လကို သိန်းရာနားကပ်တဲ့အထိ လိုင်းကြေးပေးထားရတဲ့ ကြက်ဝိုင်းပါ။ အခုက နေပြည်တော်ရဲက ဝင်ဖမ်းလို့ နယ်မြေခံရဲကပါ ပူးပေါင်းဖမ်းတယ်ပြောတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဖမ်းဆီးမှုအတွင်း အိမ်ရှင်ဖြစ်သူ ကျော်သူ အပါအဝင် ကျူးလွန်သူ စုစုပေါင်း ၂၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လောင်းကစားငွေကျပ် ၁၄,၂၃၂,၀၀၀ (၁၄၂ သိန်းကျော်)၊ ကြက်ထည့်ပုံးများ၊ ယာဉ်အပ်နှံကတ်ပြား အခု ၅၀ ၊ ဖုန်း အလုံး ၂၀၊ ဆိုင်ကယ် ၄၇ စီး၊ မော်တော်ယာဉ် ခြောက် စီး၊ အိုးဝေ နှစ် စီး အပါအဝင် စုစုပေါင်း ကာလတန်ဖိုး ကျပ် ၅,၄၆၄,၀၅၇,၀၀၀ (သိန်း ၅,၄၀၀ ကျော်) တန်ဖိုးရှိ သက်သေခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသော ကြက်ဝိုင်းသည် ယခင်ကတည်းက နာမည်ကျော် အနုပညာရှင်များပင် လာရောက်လောင်းကစားလေ့ရှိသည့် နာမည်ကြီး ကြက်တိုက်လောင်းကစားဝိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။
ဒေသခံအချို့၏ ပြောကြားချက်များအရ အဆိုပါဝိုင်းသည် မြို့နယ်စီမံအဖွဲ့၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များ အဆင့်ဆင့်သို့ လိုင်းကြေးပေးဆောင်၍ ပြုလုပ်နေသည့်ဝိုင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများအား ညောင်တုန်းမြို့မရဲစခန်းတွင် (ပ)၃၄/၂၀၂၆၊ ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) တို့ဖြင့် အမှုဖွင့်လှစ်ကာ ဆက်လက် စစ်ဆေး အရေးယူလျက်ရှိကြောင်း သိရသည်။