ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်

အမေရိကန်နဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဆွေးနွေးပွဲတွေ စတင်နိုင်ရေး အီရန်နိုင်ငံက အချက် ၇ ချက်ပါ တောင်းဆိုချက်ကို ကြားဝင်စေ့စပ်ပေးတဲ့ ကာတာနိုင်ငံမှတစ်ဆင့် အမေရိကန်ထံ ပေးပို့လိုက်ပါတယ်။


ဒီတောင်းဆိုချက်တွေကို အမေရိကန်က ငြင်းပယ်ရင် ရင်ဆိုင်တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေတယ် လို့ အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မိုဆင်ရေဇာအီက သတိပေးပါတယ်။

ကာတာနိုင်ငံဟာ အီရန်ရဲ့ တောင်းဆိုချက်တွေကို ဝါရှင်တန်ဆီ ပေးပို့ထားပြီးဖြစ်သလို အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

အီရန်ရဲ့ အဓိက တောင်းဆိုချက်တွေထဲမှာ စစ်ပွဲကို အဆုံးသတ်ရေး၊ ထိန်းချုပ်ခံထားရတဲ့ အီရန်ရဲ့ ဘဏ္ဍာရေး ရန်ပုံငွေတွေကို ပြန်ပေးရေးနဲ့ ပင်လယ်ရေကြောင်း ပိတ်ဆို့တားဆီးထားမှုတွေကို ရုပ်သိမ်းပေး ရေးတို့ ပါဝင်ပါတယ်။

“ဒီတောင်းဆိုချက်တွေကို လက်ခံတာဟာ ဝါရှင်တန်အတွက် အကျိုးရှိလိမ့်မယ်၊ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေက ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘဲ ကျွန်တော်တို့ကတော့ စစ်ပွဲအတွက် အဆင် သင့်ပါပဲ” လို့ ရေဇာအီက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း နားလည်မှုစာချွန်လွှာ သက်တမ်းကုန်ပြီးနောက် ကာတာနဲ့ ပါကစ္စတန်တို့ဟာ ဝါရှင်တန်နဲ့ တီဟီရန်ကြား ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ကြိုးပမ်းနေပြီး ဒေသတွင်းနိုင်ငံတွေကလည်း စစ်ပွဲ အမြန်ဆုံး ပြီးဆုံးစေချင်ပါတယ်။

အမေရိကန်ရဲ့ နောက်ထပ် စစ်ရေးအရ တိုက်ခိုက်လာနိုင်ခြေကိုလည်း အီရန်က ထည့်သွင်းတွက် ချက်ထားပြီး အာရေဗျပင်လယ်အထိ ဖြန့်ကြက်ထားတဲ့ အမေရိကန် ရေတပ်သင်္ဘောတွေကို ပစ်မှတ်ထား ဖို့ စစ်ရေးပြင်ဆင်မှုတွေ ပြောင်းလဲထားတယ်လို့ ဆိုပါတယ်။

အီရန်ဟာ မကြာသေးမီက အမေရိကန် စစ်သင်္ဘောတစ်စီးအနီးမှာ သင်္ဘောပစ် ဒုံးကျည်တစ်စင်း ကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ကြွားဝါထားပါတယ်။ အီရန်က နျူကလီးယား မပြန့်ပွားရေးစာချုပ်မှ နှုတ်ထွက်ဖို့ ဆုံးဖြတ်ထားခြင်း မရှိသေးပေမဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေက အီရန်ကို ဒီလမ်းကြောင်းဆီ တွန်းပို့နေတယ်လို့ သတိပေးထားပါတယ်။

နယူးယောက်မှာ စက်တင်ဘာ ၁၈ ရက်မှ ၂၈ ရက်အထိ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့အတွက် အီရန်ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အီရန်ဟာ သံတမန်ရေးအရ ဆွေးနွေးဖို့ တံခါးဖွင့်ထားသလို စစ်ရေးအရလည်း အပြတ်အသတ် ရင် ဆိုင်ဖို့ ပြင်ဆင်ထားတဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။

ကိုးကား – India Today
Ref; If Washington wants to escape quagmire…: Iran’s 7 conditions to end war