ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂၀ရက်

‎ဗန်းမော်နှင့် ရွှေကူမြို့ဘက်မှ ဧရာဝတီမြစ်အတိုင်း အောက်ဘက်သို့ စုန်ဆင်းလာသည့် စစ်တပ်၏ စစ်သင်္ဘောနှင့် ရေယာဉ်အုပ်စုများသည် မြစ်ကြောင်းတလျှောက် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အတွက် မြစ်ကမ်းဘေးနှင့် ကျွန်းပေါ်တွင် မှီတင်းနေထိုင် ကြသော ဒေသခံပြည်သူများ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကြရန် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ (NUG) နှင့် ဒေသတွင်း သတင်းအဖွဲ့အစည်းများက အသိပေး နှိုးဆော် ထားသည်။

‎ယနေ့ စက်တင်ဘာ ၂၀ရက်၊ နံနက် ၁၀ နာရီ ၅၄ မိနစ်အချိန်အထိ စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စု၏ ရှေ့ပြေးအဖွဲ့သည် ကျောက်မြောင်းမြို့အနီးသို့ ရောက်ရှိနေပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ထို့အပြင် Y-12 လေယာဉ်ဖြင့်လည်း ကင်းထောက်ပျံသန်းပေးကာ လေကြောင်းမှ ပစ်ခတ်ကူညီပေးနေကြောင်း သိရသည်။

“ရွှေဘို ရတနာသိင်္ခတံတားအနီးထိ စုန်ဆင်းလာနေတယ်။ MI35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ပါ ပါလာတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၁၉ ရက်က သပိတ်ကျင်းမြို့ ဆိပ်ကမ်းတွင်လည်း ဗန်းမော်နှင့် ရွှေကူဘက်မှ စုန်ဆင်းလာသည့် တိုက်ခိုက်ရေးသင်္ဘောများ၊ ဖလပ်သင်္ဘောများနှင့် တွန်းသင်္ဘောများ အပါအဝင် ရေယာဉ်အုပ်စု အများအပြား ကမ်းကပ်သွားခဲ့ပြီး ယနေ့တွင် ကြိုပွိုင့်သင်္ဘောများ စတင်ထွက်ခွာ လာခြင်း ဖြစ်သည်။

 

စစ်တပ်က အရပ်သားသင်္ဘောများနှင့် တိုက်ခိုက်ရေးသင်္ဘော နှစ်စီး၊ ဖလပ်သင်္ဘောနှင့် တွန်းသင်္ဘော အတွဲလိုက်များဖြင့် အပြန်ဆင်းလာနေခြင်းဖြစ်ကာ အဆိုပါသင်္ဘောများကို လိုက်ပါစောင့်ရှောက် လာသည့် လေယာဉ်များမှလည်း မြစ်ကမ်းဘေးရွာများကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

 

ထို့ကြောင့် မြစ်ကမ်းဘေးနှင့် ကျွန်းပေါ်တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် အသက်အန္တရာယ် မထိခိုက်စေရန် လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်များကို အထူးဂရုစိုက်၍ သတိထားနေထိုင် ကြပါရန် ဝက်လက်မြို့နယ် ပကဖနှင့် Wetlet Information တို့က ထပ်မံ အသိပေးနှိုးဆော်ထားသည်။

 

ဓာတ်ပုံ-ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့