ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ေနရာများ၌ အာရက္ခတပ်တော် (AA) နှင့် ရွေးတု အစိုးရစစ်တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်း တွင် စစ်တပ်၏ ကာကင်းစခန်းတစ်ခုနှင့် ခြေကုတ်စခန်းတစ်ခု (စုစုပေါင်း စခန်း နှစ် ခု) ကို AA က ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
သိမ်းပိုက်ခံရသည့် စခန်းများမှာ စစ်တွေမြို့နယ်၊ ရွှေမင်းဂံရေတပ်စခန်း၏ ကာကင်းစခန်းဖြစ်သော ကံကော်ကျွန်းရွာအနီးမှ ကာကင်းစခန်းငယ်တစ်ခု နှင့် ရဲရိုးပြင်ရွာအနီးရှိ ခြေကုတ်စခန်းတို့ ဖြစ်ကြသည်။
“အရှေ့ရက်က မင်းချောင်းတံတားအနီးက ကာကင်းတွေ၊ ရွှေမင်းဂံနားက အောင်မြေကုန်းတဝိုက် သိမ်းယူခဲ့ပြီး အခု စခန်းနှစ်ခု ထပ်ရတယ်လို့ ကြားရပါတယ်။ AA က လက်နက်ကြီးရော ဒရုန်းပါသုံးပြီး တန်ပြန်ထိုးစစ်ဆင်နေတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စခန်း နှစ် ခုကို AA က သိမ်းပိုက်ပြီးနောက် ရွေးတုအစိုးရ စစ်တပ်ဘက်မှ စခန်းများ လက်လွှတ် လိုက်ရသဖြင့် တိုက်ခိုက်ရေးလေယာဉ် ခြောက် စီးအထိ အသုံးပြုကာ တိုက်ပွဲဖြစ်ပွားရာ နေရာများ အပြင် စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များရှိ ကျေးရွာများကိုပါ ဗုံးကြဲတိုက်ခိုက် ခဲ့ပြီး တပ်ဖွဲ့ဝင်အချို့ လက်နက်များ စွန့်လွှတ်ကာ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
စစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်မှစ၍ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားနှင့် ရွှေမင်းဂံ ရေတပ်စခန်းတို့မှတစ်ဆင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ အင်အားထောင်ဂဏန်းပါဝင်သော “၄၉၂၆ စစ်ဆင်ရေး” ဖြင့် မြေပြင်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် AA ၏ ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် စစ်ကြောင်းများ ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာနေရပြီး ယခင်ရှိပြီးသား စခန်းများကိုပါ ဆက်လက်လက်လွှတ်နေရခြင်းဖြစ်သည်။ ရခိုင်တောင်ပိုင်း စစ်ဆင်ရေးတွင် အင်အားပြုန်းတီးသွားပြီးနောက် အဆိုပါ မြောက်ပိုင်းစစ်ဆင်ရေးကို ပြုလုပ်လာခြင်းဖြစ်ကာ စစ်တပ်ဘက်မှ အလုံးအရင်း လက်နက်စွန့်လွှတ်မှုများ ရှိနေကြောင်း ရခိုင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်၏ အဓိကရှေ့ထွက်ကာကင်းများဖြစ်သော ဇော်မဒက်၊ ကံကော်ကျွန်း၊ ကျားမသောက်တပ်ရင်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တို့၏ ရှေ့တန်း ကာကင်းများရှိရာ တောကန်ရွာအဝန်းအဝိုင်းများ၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။ ထို့အတူ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ရှိ ဆားပို့တောင်၊ စပါးထား၊ ခမောင်းတောနှင့် ရဲရိုးပြင်ရွာ အဝန်းအဝိုင်းများ တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။
ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ကျေးရွာအနီးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မြေပြင် စစ်ကြောင်းများမှာ ကွမ်းေတာင်ကျေးရွာကို ဖြတ်ကျော်နိုင်ခြင်း မရှိသော်လည်း ကုလားတန်မြစ် ကြောင်းအတိုင်း စစ်ရေယာဉ်များဖြင့် မြို့အဝင်ဝသို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းလျက်ရှိသည်။
ပုံစာ-AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)