ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်

ထိုင်ဝမ်စစ်တပ်ဟာ တိုက်ခိုက်ရေးဒရုန်းတွေကို အသုံးပြုပြီး ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေး လေ့ ကျင့်မှုတစ်ခုကို ဒီအပတ်အတွင်း ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာ ၁၈ ရက်မှာ သတင်းရရှိပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်စစ်တပ်အနေနဲ့ ခေတ်သစ်စစ်ပွဲတွေရဲ့ လိုအပ်ချက်အတိုင်း လိုက် လျောညီထွေ ပြောင်းလဲပြင်ဆင်နေတာကို ပြသတာလို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ပြောပါတယ်။

တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် လိုင်ချင်တေးဟာ ဒရုန်းတွေ တီထွင်ထုတ် လုပ်တာနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တာအပါအဝင် ကာကွယ်ရေးကဏ္ဍ ခေတ်မီရေးကို အဓိက ထား ဆောင်ရွက်နေပါတယ်။

ထိုင်ဝမ်တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်ပြည်တွင်းထုတ် သင်္ဘော ဖျက်ဒုံးကျည်တွေနဲ့ အမေရိကန်ထုတ် HIMARS ဒုံးပျံတွေကို ပစ်ခတ်လေ့ကျင့်ခဲ့ပါတယ်။

ဒရုန်းလိုမျိုး မောင်းသူမဲ့ယာဉ်တွေကို အစဉ်အလာစစ်လက်နက်တွေနဲ့ ပေါင်းစပ်အသုံးပြုတာဟာ ခေတ်သစ်စစ်ပွဲတွေနဲ့အညီ ပြောင်းလဲလာတာကို ဖော်ပြနေတာလို့ လိုင်ချင်တေးက ဆိုပါတယ်။

အဆိုပါ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုမှာ ဘယ်လိုဒရုန်းအမျိုးအစားတွေ ပါဝင်ခဲ့သလဲဆိုတာကို ထိုင်ဝမ်သမ္မတရုံးက အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ယူကရိန်း-ရုရှားစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေမှာ တန်ဖိုးနည်းဒရုန်းတွေရဲ့ အခန်းကဏ္ဍ ဟာ အရေးပါလာခဲ့တာကြောင့် ထိုင်ဝမ်ဟာ အဆိုပါစစ်ပွဲတွေဆီကနေ သင်ခန်းစာယူဖို့ ကြိုးပမ်းနေပါ တယ်။

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ထိုင်ဝမ်မှာ စွမ်းဆောင်ရည်နဲ့ ယုံကြည်ချက်ရှိကြောင်း ပြသနိုင်ဖို့ စစ်ရေးစွမ်းရည်တွေကို မြှင့်တင်နေတယ်လို့ လိုင်ချင် တေးက ပြောပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို သမ္မတနဲ့အတူ ကာကွယ်ရေးဝန်ကြီး အပါအဝင် ကမ်းခြေစောင့်တပ်ဖွဲ့ကို ကွပ်ကဲနေတဲ့ သမုဒ္ဒရာရေးရာကောင်စီဥက္ကဋ္ဌလည်း တက်ရောက်ကြည့်ရှုခဲ့ပါတယ်။

ထိုင်ဝမ်အစိုးရဟာ စစ်ပွဲဖြစ်ပွားလာရင် ရေတပ်ကို ကူညီနိုင်ဖို့အတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို ကာကွယ်ရေးအစီအစဉ်တွေမှာ ပါဝင်လာအောင် လုပ်ဆောင်လျက်ရှိပါတယ်။

ကိုးကား – Reuters
Ref; Taiwan holds first joint drill using multiple attack drones in modernisation push