ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
အာဏာသိမ်း ရွေးတုအစိုးရက ခုခံတော်လှန်မှုများကို ထိုးစစ်ဆင် တိုက်ခိုက်သွားရန် ပြည်သူ့စစ်မှုထမ်း (ပစ)အင်အား ၁၃၅,၀၀၀ ကျော် စုဆောင်းထားပြီး အများစုအား ၎င်းတို့စစ်ကြောင်းများတွင် ထည့်သွင်းအသုံးပြုနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁-၂၀၂၄ ခုနှစ်အတွင်း ၎င်း၏အမာခံ တိုက်ခိုက်ရေး အင်အားအများစု ချေမှုန်းခံရပြီးနောက် ရွေးတုအစိုးရသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ (ခေါ်) အဓမ္မစစ်သား စုဆောင်းသော အစီအစဥ်ကို အကောင်အထည်ဖော်၍ ထိုသို့စုဆောင်းခဲ့ကြောင်း MOD က ယမန်နေ့ စက်တင်ဘာ ၁၈ ရက်၌ ထုတ်ပြန်ဖော်ပြ ဆိုသည်။
ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်မှ ၂၀၂၆ ခုနှစ်၊ သြဂုတ်အတွင်း ပစအပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့် အဓမ္မစုစည်းထားကာ ယခုအခါ ၎င်းအင်အားကို အသုံးချ၍ လူလှိုင်းစစ်ဆင်ရေးများဖြင့် နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသလို စစ်ကြောင်းများတွင်လည်း ပစအင်အား (၈၀) ရာခိုင်နှုန်းခန့်အထိ ပါဝင်နေကြောင်း သိရသည်။
စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရသည် ယင်းဥပဒေကို ပြဋ္ဌာန်းပိုင်ခွင့်မရှိဘဲ ပြဋ္ဌာန်းကျင့်သုံးနေခြင်းဖြစ်၍ ပြည်သူအပေါ် အဓမ္မစစ်ကျွန်ပြုသည့် လုပ်ရပ်ဖြစ်သလို အရပ်သားလူငယ်များ၏ အသက်ဖြင့် ၎င်းတို့စစ်အာဏာ အသက်ဆက်ရန် ကြိုးစားအားထုတ်နေကြောင်း NUG နှင့် စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက သတိပေး ထောက်ပြထားသည်။
ယင်းအပြင် ၎င်းတို့ ထိုးစစ်အခြေအနေကြည့်လျှင် ပစသိန်းချီ အင်အားကို အလောင်းအစားပြု၍ ထိုးစစ်ဆင်နေသော်ငြား မည်သည့် စစ်မျက်နှာတွင်မှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိရောက်သော တိုက်ခိုက်ချေမှုန်းမှုများကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားလျက်ရှိဟု NUG လက်အောက်ခံ MOD က ဆိုသည်။
NUG လက်အောက်ခံ MOD ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်မှ ၂၀၂၆ ခုနှစ်၊ သြဂုတ်အထိ နှစ်နှစ်တာအတွင်း ရွေးတုအစိုးရတပ်မှ ၂၀,၃၈၃ ဦး သေဆုံး၍ ၉,၇၉၂ ဦး ထိခိုက်ဒဏ်ရာရကာ ပြည်သူ့ရင်ခွင်ခိုလှုံသူ ၃,၈၇၄ ဦးနှင့် မိမိအစီအစဥ်ဖြင့် စွန့်ခွာထွက်ပြေးလာသူ (တပ်ပြေး) ၂၀,၀၀၀ ဦးခန့်ရှိကြောင်း သိရသည်။
အဆိုပါထိခိုက်ဆုံးရှုံးမှုများအနက် အများစုမှာ အဓမ္မစစ်သား စုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်သည်ကို တွေ့ရှိရပြီး ၅၃၆ ဦးအား NUG ၊ MOD က ဖမ်းဆီးထိန်းသိမ်းထားကာ အရွယ်ရောက် လူငယ်များ အနေဖြင့်လည်း ရွေးတုအစိုးရ၏ အဓမ္မစစ်သား စုဆောင်းခံရမည့် အရေးအား နည်းလမ်းစုံသုံး၍ ရှောင်ရှားရန် သတိပေးထားသည်။
အလားတူ ရွေးတုအစိုးရ ထိန်းချုပ်ထားသော မြို့ပြများတွင် ပျုစောထီး၊ လူဆိုးလူမိုက်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရာဇဝတ်ဂိုဏ်းများအဖြစ် နေ့စဥ် လူပြန်ပေးဆွဲခြင်း၊ လူမှောင်ခို ရောင်းဝယ်ခြင်း၊ ကြေးရတတ်မိသားစုများထံမှ ငွေညှစ်ခြင်းတို့ကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက်ရှိကာ လူငယ်တို့၏ လုံခြုံရေးအပေါ် အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။
အဓမ္မစစ်သား စုဆောင်းခံရသည့် ပစများအနေဖြင့် မိမိတို့ အသက်သွေးချွေးဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေး အလုပ်အကျွေးပြုနေရသည့် အခြေအနေမှ ရုန်းထွက်နိုင်ရန်အတွက် ရွေးတုအစိုးရတပ်ကို အမြန်ဆုံးစွန့်ခွာကြရန်နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းကြရန် NUG ၊ MOD က တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်