ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဒရုန်းစစ်ဆင်ရေး နည်းပညာတွေ သင် ကြားပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ အမေရိကန်နိုင်ငံသား မက်သယူအာရွန်ဗန်ဒိုက်ဟာ ဒေ လီတရားရုံးကနေ အာမခံ ရရှိသွားခဲ့ပါတယ်။

အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ဗန်ဒိုက်ဟာ အစ ပိုင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

NIA က တရားရုံးထံ တရားဝင် စွဲချက်လွှာ တင်သွင်းချိန်မှာ အဆိုပါ အကြမ်းဖက်မှုပုဒ်မကို ထည့် သွင်းမဖော်ပြတော့ဘဲ ၂၀၂၅ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့သာ စွဲချက်တင်ခဲ့တာပါ။

အိန္ဒိယ အယူခံတရားရုံးက သူ့ကို အာမခံကြေး ရူပီး ၁ သိန်းနဲ့အတူ အာမခံပေးခဲ့ပြီး ဒေလီမြို့အ တွင်းမှာ ဆက်လက်နေထိုင်ရမှာဖြစ်သလို စုံစမ်းစစ်ဆေးရေးအရာရှိ ခေါ်ယူသည့်အချိန်တိုင်း သွားရောက် အစစ်ဆေးခံရမှာ ဖြစ်ပါတယ်။

ယခုအမှုမှာ အဓိက သံသယရှိသူ ဗန်ဒိုက်နဲ့အတူ ယူကရိန်းနိုင်ငံသား ၆ ဦး တို့ ပါဝင်ပြီး အဆိုပါ နိုင်ငံခြားသား ၇ ဦးစလုံးကို ပြီးခဲ့တဲ့ မတ်လအတွင်း ဖမ်းဆီးခဲ့ကာ ဧပြီလကတည်းက တီဟာအကျဉ်း ထောင်မှာ ထိန်းသိမ်းထားခဲ့တာပါ။

၎င်းတို့ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဒရုန်း စစ်ဆင်ရေး၊ မောင်းနှင်မှု၊ တပ်ဆင်မှုနဲ့ ဂျမ်မာ နည်းပညာစနစ်တွေကို သင်တန်းပေးခဲ့တယ်လို့ NIA က စွပ် စွဲထားပါတယ်။

အဆိုပါအုပ်စုဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်နွှယ်နေပြီး ဒရုန်း နဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေကို အိန္ဒိယနိုင်ငံကို ဖြတ်သန်းကာ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အထောက်အထားတွေနဲ့ သက်သေတွေ၏ ထွက်ဆိုချက်အရ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ တွေနဲ့ ပတ်သက်နေတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်တယ်လို့ တရားရုံးမှာ လျှောက်လဲခဲ့တာပါ။

အိန္ဒိယ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့ ပူးပေါင်းကြံစည်မှုလို့ စွပ်စွဲခဲ့ပြီးမှ အကြမ်းဖက်မှုပုဒ် မတွေကို မမျှော်လင့်ဘဲ ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး ဗန်ဒိုက်၏ ရှေ့နေက တရားရုံးမှာ မေးခွန်း ထုတ်ခဲ့ပါတယ်။

NIA က အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး နောက်ထပ် သက် သေအထောက်အထား ရရှိပါက ထပ်မံ စွဲချက်တင်မယ်လို့ တုံ့ပြန်ထားပါတယ်။

ဗန်ဒိုက်ဟာ Sons of Liberty International ဆိုတဲ့ အဖွဲ့အစည်းကို ထူထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် လစ်ဗျား ပြည်တွင်းစစ်မှာ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံခဲ့ရဖူးသူ၊ စစ်သတင်းထောက်တစ်ဦးနဲ့ ဂျော့ချ်တောင်းတက္ကသိုလ်မှ လုံခြုံရေးဆိုင်ရာ မဟာဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။

စွဲချက်လွှာတွင် အကြမ်းဖက်မှုပုဒ်မ လျှော့ပေးခဲ့မှုကြောင့် ဗန်ဒိုက် အာမခံရရှိခဲ့သလို ကျန်ရှိနေ သည့် ယူကရိန်းနိုင်ငံသား ၆ ဦးအတွက် အာမခံ လျှောက်ထားနိုင်ရေး လမ်းပွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကိုးကား – PTI
Ref; Myanmar Drone Training Accused VanDyke Gets Default Bail After NIA Omits UAPA From Chargesheet