ဆောင်းပါးရှင် – စစ်ဝေးသော်
စက်တင်ဘာ ၁၉ ရက်

မြန်မာ့ဂုဏ်ဆောင် UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျော့ရှူဝါဗန်ဟာ စိန်ခေါ်သူ ချန်ပီယံဟောင်း ပန်ဒိုဂျာနဲ့ စက်တင်ဘာ ၂၀ ရက်မှာ ထိုးသတ်တော့မှာ ဖြစ်ပါတယ်။

ဂျော့ရှူဝါဗန်အတွက်တော့ ဒီပွဲဟာ ဒုတိယမြောက် ချန်ပီယံခါးပတ်ကာကွယ်ပွဲ ဖြစ်ပါတယ်။ ပထိမအကြိမ်မှာ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို ၅ ချီထိုးသတ်ပြီး အလဲထိုးနဲ့အနိုင်ယူကာ UFC ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဗန်နဲ့ပန်ဒိုဂျာတို့ ပထမအကြိမ်တွေ့ဆုံစဥ်က ဖလိုင်းဝိတ်ချန်ပီယံဖြစ်ပြီး အကောင်းဆုံးတိုက်ခိုက်ရေးပုံစံတစ်ခုကို ကာလရှည်ထိန်းသိမ်းထားတဲ့ ပန်ဒိုဂျာကို လူသစ်လေး ဂျော့ရှူဝါဗန် မနိုင်လောက်ဘူးလို့ ကျွမ်းကျင်သူ အများစုက သုံးသပ်ခဲ့ကြပါတယ်။

တကယ်တမ်း ကြိုးဝိုင်းထဲမှာ ထိုးသတ်ကြချိန်မှာတော့ ပန်ဒိုဂျာဟာ ပွဲစပြီး ပထမအချီ ၂၆ စက္ကန့်မှာပဲ လက်ဒဏ်ရာရပြီး ဂျော့ရှူဝါဗန် UFC ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ပန်ဒိုဂျာရဲ့ပရိသတ်တွေက ဗန်ဟာ ချန်ပီယံအစစ်မဟုတ်ဘဲ ကံကောင်းလို့ ခါးပတ်ရသွားတာဆိုပြီး လှောင်ပြောင်ကာ ဗန်ရဲ့အောင်ပွဲကို သေးသိမ်အောင် လုပ်ခဲ့ကြပါတယ်။

ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာနဲ့ မထိုးသတ်ခင် ပွဲကြိုကာလမှာ တိုင်ရာကိုယ်တိုင် ဗန်ကို ချန်ပီယံအစစ် မဟုတ်ဘူးဆိုတဲ့စကားလုံးနဲ့ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားဖိုက်တာ ဗန်က တိုင်ရာကို အလဲထိုးနဲ့အနိုင်ယူပြီး ချန်ပီယံအစစ်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ အခုတခါမှာတော့ ချန်ပီယံဟောင်းဖြစ်တဲ့ ပန်ဒိုဂျာနဲ့ မကျေပွဲနွှဲကြတော့မှာပါ။

ပြိုင်ဘက်နှစ်ဦးရဲ့ MMA မှတ်တမ်း

ဖြတ်သန်းခဲ့တဲ့တိုက်ခိုက်ရေးမှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးသား ပန်ဒိုဂျာဟာ MMA ပွဲပေါင်း ၃၆ ပွဲထိုး၊ ပွဲ ၃၀ နိုင်၊ ၆ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားတဲ့ ဝါရင့်ဖိုက်တာတစ်ဦး ဖြစ်ပါတယ်။

ပန်ဒိုဂျာဟာ ၂၀၂၃ ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ UFC 290 ပြိုင်ပွဲမှာ ချန်ပီယံ ဘရန်ဒန် မိုရီနိုကို အမှတ်နဲ့ အနိုင်ယူပြီး UFC ဖလိုင်းဝိတ်ချန်ပီယံဖြစ်ခဲ့တာပါ။ ချန်ပီယံဖြစ်တဲ့နောက်ပိုင်း ၄ ကြိမ်ဆက်တိုက် စိန်ခေါ်သူ ပြိုင်ဘက်တွေကို အနိုင်ယူပြီး ခါးပတ်ကာကွယ်နိုင်ခဲ့ပေမယ့် မြန်မာပြည်ဖွား ဗန်နဲ့အတွေ့မှာ ချန်ပီယံဘွဲ့ လွှဲပေးလိုက်ရတာ ဖြစ်ပါတယ်။

မြန်မာ့ဂုဏ်ဆောင် ဂျော့ရှူဝါဗန်ကတော့ MMA ကစားသမားဘဝ ၁၉ ပွဲထိုး ၁၇ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် UFC ကိုရောက်ရှိတဲ့ ၂၀၂၃ ခုနှစ် ဇွန်လနောက်ပိုင်း ၁၁ ပွဲထိုးရာမှာ ၁၀ ပွဲ အထိနိုင်ရထားပြီး ၁ ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။

ဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာကျင်းပတဲ့ UFC 306 ကစပြီး ဂျပန်ဖိုက်တာ တိုင်ရာနဲ့ပွဲစဥ်အထိ ၇ ပွဲဆက်တိုက်အနိုင်ရလဒ်နဲ့ နိုင်ပွဲဆက်မှတ်တမ်းကောင်းကို စိုက်ထူထားပါတယ်။

ပွဲချဥ်းကပ်မှုအနေအထား

ဗန်နဲ့ထိုးသတ်မယ့် အလက်ဇန်းဒါး ပန်တိုဂျာဟာ ပြိုင်ဘက်ကို ပြိုင်ဘက်ကို ဖိအားပေးပြီး ပွဲကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ထိန်းချုပ်ကစားတတ်တဲ့ ချုပ်ကွက်အားကောင်းတဲ့ကစားသမား ဖြစ်ပါတယ်။ သူ့ရဲ့ MMA နိုင်ပွဲ ၃၀ မှာ ချုပ်ကွက်နဲ့ ၁၂ ပွဲအထိ အနိုင်ယူထားတာ ဖြစ်ပါတယ်။

မတ်တပ်ရပ်ထိုးသတ်တဲ့ Stand Fight အပိုင်းမှာလည်း ပန်ဒိုဂျာက လက်သီးအားကောင်းပေမယ့် သူအဓိက အားပြုကစားတာတော့ ပြိုင်ဘက်ကို ရှေ့တိုးကာတရစပ်ဖိအားပေးပြီး သံဇကာဘက်ကို တွန်းပို့ကာ ချုပ်ကွက်နဲ့ အနိုင်ယူတာ ဖြစ်ပါတယ်။

ဗန်ကတော့ လျှင်မြန်လှတဲ့ လက်သီးချက်တွေနဲ့ ထိုးနှက်တိုက်ခိုက်တဲ့ဖိုက်တာဖြစ်ပြီး ပြိုင်ဘက်က ချုပ်ကွက်နဲ့ တိုက်စစ်ဆင်လာရင်လည်း အကောင်းဆုံးဖြည်ထုတ်နိုင်တဲ့အစွမ်းရှိသူဖြစ်ပါတယ်။ သူဟာ ပါဝါလက်သီး တစ်ချက်ထဲနဲ့ ပြိုင်ဘက်ကို အမှောက်သိပ်ဖို့ထက် တိကျတဲ့လက်သီးချက်ပေါင်းများစွာနဲ့ ပြိုင်ဘက်ရဲ့ သက်လုံကို ဖြိုချကာ ပွဲသိမ်းတတ်သူဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ ဗန်ဟာပွဲချိန်ကြာလာပေမယ့် လက်သီးပါဝါကျမသွားဘဲ ပြိုင်ဘက်ကို အဆက်မပြတ် ဖိအားပေး ထိုးနှက်နိုင်တာဖြစ်ပြီး ပြိုင်ဘက်က ချုပ်ကွက်သုံးလှဲချဖို့ကြိုးစားခဲ့ရင်လည်း ရှောင်ထွက်ပြီး သူ အားသာတဲ့ Stand Fight အပိုင်းကို ဆွဲခေါ်ကာ ပြိုင်ဘက်ကို အလဲထိုးလေ့ရှိပါတယ်။ ဒါကြောင့် ဗန်ရဲ့ နိုင်ပွဲ ၁၇ ပွဲမှာ ၉ ပွဲက ပြိုင်ဘက်တွေကို ကြိုးဝိုင်းကြမ်းပြင်ပေါ် အမှောက်သိပ်ပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ဗန် ချန်ပီယံခါးပတ် ကာကွယ်နိုင်မလား

ဒီပွဲစဥ်မှာ ပန်ဒိုဂျာဟာ သူ့ရဲ့ယခင်သုံးနေကျအကွက်အတိုင်း ပွဲစတာနဲ့ ဗန်ကိုဖိအားပေးပြီး လှဲချကာ ချုပ်ကွက်နဲ့ အနိုင်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိပါတယ်။ လက်သီးကောင်းတဲ့ ဗန်ကို မတ်တပ်ရပ်ပြီး လက်သီးချင်းယှဥ်ထိုးမယ့်ပုံ မရှိပါဘူး။

ဗန်ကလည်း ပထမပွဲကအတိုင်းပဲ အကွာအဝေးကို ထိန်းသိမ်းပြီး လှဲချမခံရဖို့နဲ့ ပန်ဒိုဂျာရဲ့ ချုပ်ကွက်ထဲမှာ သက်ဆင်းမသွားဖို့ ပြင်ဆင်လာမှာ အသေအချာပါပဲ။ ဒီပွဲမတိုင်ခင် ရင်ဆိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ တိုင်ရာနဲ့ပွဲမှာ ချုပ်ကွက်တွေကို ခုခံရှောင်ထွက်ပြီး လက်သီးချင်းယှဥ်ထိုးတဲ့ဘက်ကို ဆွဲခေါ်ထိန်းချုပ်သွားခဲ့တဲ့ ဗန်ရဲ့စွမ်းဆောင်ရည်က အတော်လေးကောင်းမွန်ပါတယ်။ ပန်ဒိုဂျာကိုလည်း အဲ့ပုံစံအတိုင်း ရင်ဆိုင်သွားဖွယ် ရှိပါတယ်။

စိတ်ဓာတ်ပိုင်းကိုကြည့်မယ်ဆိုရင် ပထမအကြိမ်မှာ ဗန်ကိုရှုံးနိမ့်ကာ ချန်ပီယံဘွဲ့လွှဲပေးခဲ့ရသူဖြစ်တာကြောင့် စိတ်ဓာတ်ပိုင်း အရ တဆင့်နိမ့်နေပြီး ထပ်ရှုံးခဲ့ရင်ဆိုတဲ့ဖိအားကလည်း ရှိနေပါတယ်။ အသက်ကလည်း ၃၆ နှစ်အရွယ် ဖြစ်တာကြောင့် MMA ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဗန်ကို နှစ်ကြိမ်ဆက်ရှံးခဲ့ရင် ပန်ဒိုဂျာအတွက်က UFC မှာ ချန်ပီယံကို ထပ်မံစိန်ခေါ်ခွင့်ဟာ အတော်လေး အလှမ်းဝေးသွားဖွယ်ရှိနေတဲ့အချက်တွေဟာ ဖိအားဖြစ်နေမှာ အသေအချာပါပဲ။

တဖက်မှာတော့ UFC ရဲ့ ဒုတိယမြောက် အသက်အငယ်ဆုံးချန်ပီယံဆိုတဲ့စံချိန်အပါအဝင် စံချိန်မှတ်တမ်း များစွာနဲ့ ၇ ပွဲဆက်တိုက်နိုင်ထားတဲ့ ဂျော့ရှူဝါဗန်ဟာ စိတ်ဓာတ်ပိုင်းမှာ အမြင့်ဆုံးအနေအထားကို ရောက်ရှိနေပါတယ်။ ဒီအချက်က ဗန်အနိုင်ရဖို့ အလေးသာနေတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ ပန်ဒိုဂျာဟာ ဗန်ကို ချုပ်ကွက်နဲ့အနိုင်ယူဖို့ ကြိုးပမ်းလာနိုင်ပြီး ဗန်ကလည်း သူအားသန်တဲ့ ပါဝါလက်သီးချက်များစွာနဲ့ ပန်ဒိုဂျာကို ပွဲသိမ်းဖို့ကြိုးပမ်းမှာပါ။ ပန်ဒိုဂျာရဲ့ ချုပ်ကွက်ထဲ သက်ဆင်းခဲ့ရင် ဗန်အရေးနိမ့်မှာဖြစ်သလို ချုပ်ကွက်တွေ ခုခံဖြည်ထုတ်ပြီး လက်သီးချက်တွေ ပစ်သွင်းနိုင်ရင် ဗန် အနိုင်ရမှာ ဖြစ်ပါတယ်။

ဗန်နဲံပန်ဒိုဂျာ ဒုတိယမြောက်မကျေပွဲမှာ ဘယ်သူချန်ပီယံအစစ်လဲ စက်တင်ဘာ ၂၀ ရက်မှာ ကျင်းပမယ့် UFC 331 ကြိုးဝိုင်းထဲမှာ အဖြေထုတ်ကြတော့မှာ ဖြစ်ပါတယ်။