ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်အတွင်း တရားမဝင်နည်းလမ်းများအသုံးပြုကာ နိုင်ငံသားမှတ်ပုံတင်မရှိသူများကို စီစစ်ထုတ်ဝေပေးသည့် ဆယ်နှစ်ခံကတ်ကိုင်ဆောင်သူများနှင့် ရရှိစေရန်ပြုလုပ်ပေးနေသည့် အဖွဲ့တစ်ခုကို ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နံပါတ် ‘0’ နှင့်စသည့် ဆယ်နှစ်ခံကတ်ရရှိရန် လိုအပ်သည့်အချက်အလက်များမပြည့်စုံသော်လည်း ပွဲစားများမှ မှတ်ပုံတင်ဌာနအရာရှိများနှင့်ပူးပေါင်းကာ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ ၃၃ ဦးအနက် ၂၇ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

ဖမ်းဝရမ်းထုတ်ခံထားရသူများမှာ အစိုးရဝန်ထမ်း ၄ ဦး၊ စာရွက်စာတမ်းပြုလုပ်ရာတွင်လိုအပ်သည့် အတည်ပြုချက်မှင့် သက်သေလိမ်လည်ပေးခဲ့သူ ၁၀ ဦးနှင့် ကတ်ပြားပြုလုပ်သူ မြန်မာနိုင်ငံသား ၁၉ ဦးတို့ဖြစ်ပြီး ၎င်းတို့အနက် ၂၇ ဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
တာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်များရှိ မှတ်ပုံတင် မှတ်တမ်းများကို စစ်ဆေးခဲ့ရာ နိုင်ငံကူးလက်မှတ်ရှိသူများ နှင့် တရားဝင်ရွှေ့ပြောင်းအလုပ်သမားအဖြစ် မှတ်ပုံတင်ထားသူ မြန်မာနိုင်ငံသားများမှာ ဆယ်နှစ်ခံမှတ်ပုံတင်ကတ်များကိုပါ ပြုလုပ်ထားကြောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ် ၄ ရက်နေ့ကလည်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် ဆယ်နှစ်ခံကတ်များ တရားမဝင်ပြုလုပ်ထားသူများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ရာ မြန်မာ ၁၂ ဦးနှင့် ထိုင်းအရာရှိများကိုဖမ်းဆီးခဲ့ပြီး တရားမဝင်ကတ်ပြုလုပ်ထားသူ ၇၀၀ ကျော်ရှိနေကြောင်းလည်း သိရသည်။
ကိုးကား – The Nation Thailand