ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

 

ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) အုပ်ချုပ်စီမံနေသည့်ဒေသအတွင်း မြေရှားသတ္တုတူးဖော်နေသည့် တရုတ်ကုမ္ပဏီများထံ အခွန်ထပ်တိုးတောင်းရာတွင်မပေးသဖြင့် ဓာတ်သတ္တုရည်တင်သွင်းခွင့်ကို KIA က ပိတ်လိုက်ပြီး တရုတ်ကုမ္ပဏီများကလည်းတင်းခံနေကြောင်း သတင်းရရှိသည်။

 

မိုးဦးကာလအတည်းက KIA နှင့် တရုတ်ကုမ္ပဏီများသည် ဓာတ်သတ္တုရည် ( Rare Earth Liquid Fertilizer) တင်သွင်းခွင့်အတွက် အခွန်တိုးတောင်းရာ၌ သဘောတူညီမှုမရသဖြင့် လေးလကြာ KIA က ပိတ်ထားခြင်းဖြစ်သည်။

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့နယ်တို့တွင် တရုတ်ကုမ္ပဏီများတူးဖော်နေသော မြေရှားသတ္တုတွင်းလုပ်ကွက်များ ထောင်နှင့်ချီကာ သတ္တုတူးရာ၌ လိုအပ်သည့် ဓာတ်သတ္တုရည်တင်သွင်းခွင့်မရသဖြင့် လုပ်ကွက်အချို့ရပ်နားထားရပြီး လက်ကျန်လုပ်ကွက်များသာ တူးဖော်နေကြောင်း သတ္တုတွင်းဝန်ထမ်းတစ်ဦးက ပြောကြားသည်။

 

“ အရင်တုန်းကဈေးဈေးပေါပေါနဲ့ရနေတာလေ။ မြေရှားတွေကို။ အရင်ဇခုန်တိန့်ယိန်း လက်ထက်တုန်းက။ အခု KIA က အခွန်တွေထပ်တိုးတောင်းတယ်။ အရင်ကအဆင်ပြေနေတယ်။ အခုမိုးမကျခင်က ကန်ပိုက်တည်နယ်စပ်ဂိတ်ကနေ ဓာတ်မြေဩဇာရည်တင်သွင်းခွင့်ပိတ်ထားတယ်။ တင်သွင်းအခွန်တိုးတောင်းတာမပေးလို့။ တရုတ်ကုမ္ပဏီတွေကလည်း မပေးဘူး။ သူတို့မရှိရင် ဘာမှလုပ်မရဘူးဆိုတော့။ အခုလက်ကျန်တွေလုပ်နေတာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ဈေးအကြီးဆုံးသတ္တုမြေရှားကို မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ တောင်ပေါင်းများစွာကို တရုတ်ကုမ္ပဏီများက ထိုးဖောက်တူးယူနေပြီး ယခုအခါ ရှမ်းပြည်နယ် ( အရှေ့ပိုင်း) MNDAA နှင့် TNLA တို့ထိန်းချုပ်ရာနေရာနှင့် ဝ ပြည် မိုင်းပေါက်မြို့တွင်လည်း တရုတ်ကုမ္ပဏီများက မြေရှားတူးဖော်နေကြောင်းသိရသည်။

 

အဆိုပါရှမ်းပြည်နယ်( အရှေ့ပိုင်း) ရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် မြန်မာလူငယ်များ လူကုန်ကူးခံရမှုများရှိပြီး အလုပ်သမားများကိုကျွန်ပြုခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယခုနှစ် မေလတွင် အစီရင်ခံစာထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာအစောပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်တပ်မဟာမိတ်၊ပြည်သူ့စစ်နှင့် နယ်ခြားစောင့်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းထိန်းချုပ်သောကချင်အထူးဒေသ (၁) ကို သိမ်းပိုက်ထားရှိပြီး ထောင်နှင့်ချီသော မြေရှားသတ္တုလုပ်ကွက်များကို ပိုင်ဆိုင်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်