ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

 

ချင်းတောင်ပိုင်း ကန်ပက်လက်မြို့နယ်ရှိ မောချောင်းကျေးရွာကို ရွေးတုအစိုးရတပ်မှ ဗုံးကြဲတိုက်ခိုက်သည့်အတွက်စာသင်ကျောင်း ပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

 

ရွေးတုအစိုးရတပ်က မည်သည့်တိုက်ပွဲမှ မရှိဘဲ ကန်ပက်လက်မြို့နယ် မောချောင်းကျေးရွာကို ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွာထဲကို ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ် ဗုံးကြဲသွားပါတယ်။ ရွာထဲကစာသင်ကျောင်းအနား ကျပေါက်ကွဲပြီး ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်း ပျက်စီးသွားပြီး နောက်ထပ် လေကြောင်းတိုက်မှာကို စိုးရိမ်နေကြသည့် အတွက် ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ရွာသားတွေ ဗုံးထပ်ကြဲလာမှာကို စိုးရိမ်ကြလို့ ရွာထဲကို ဆက်မနေရဲကြတော့ဘူး။ ကလေးတွေရော့၊ လူကြီးတွေရော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ အခု သူတို့တွေ အရေးပေါ်အကူအညီတွေလည်း လိုအပ်နေတယ် “ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်းကို ပြောသည်။

 

မောချောင်းကျေးရွာသည် ကန်ပက်လက်မြို့နှင့် မိုင် ၃၀ ကျော်အကွာတွင် တည်ရှိသည့် ကျေးရွာဖြစ်ပြီး လက်ရှိတွင် မည်သည့်တိုက်ပွဲမှမရှိသလို စစ်ရေးလှုပ်ရှားခြင်းလည်း မရှိဘဲ အရပ်သားများနေထိုင်သည့်ကျေးရွာဖြစ်သည်။