ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
စစ်တပ်၏ ထိပ်ပိုင်းစစ်ဘက်အရာရှိကြီးများဖြစ်ကြသည့် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး အပါအဝင် ညွှန်ကြားရေးမှူးရုံး အရာရှိကြီးအချို့ အရန်အင်အားသို့ ပြောင်း ရွှေ့ခံရပြီး ၎င်းတို့၏ ရာထူးနေရာများတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများကို အစားထိုးခန့် အပ်မှုများ ပြုလုပ်လိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ညှိကွပ် ဗိုလ်ချုပ်ကြီးကိုကိုဦး ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးပြီးနောက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်ဘက်သို့ပြန်ခေါ်ကာ တပ်မတော်စာရင်းစစ်ဆေးရေးအရာရှိချုပ် အဖြစ် ပြန်လည်တာဝန်ပေးထားသည်။ အဆိုပါ တပ်မတော်စာရင်းစစ်ဆေးရေးအရာရှိချုပ်နေရာတွင် တာဝန်ထမ်းဆောင်နေသည့် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး အရန်အင်အားသို့ပို့လိုက်ကြောင်း သိရသည်။
ထို့အပြင် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး (ကကနယ) ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မင်းမင်းစိုး နှင့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး (ကကနက်) ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တို့ကိုလည်း အရန်အင်အားသို့ ပို့ဆောင်လိုက်သည်။
အဆိုပါ လစ်လပ်သွားသည့် ညွှန်ကြားရေးမှူး ရာထူးနေရာများအတွက် အပြောင်းအလဲများ ဆက်လက်ပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ စစ်သံမှူး ဗိုလ်မှူးချုပ် မျိုးမင်းကို စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး (ကကနက်) ညွှန်ကြားရေးမှူးအဖြစ် အစား ထိုး ခန့်အပ်လိုက်သည်။
အလားတူ ကိုရီးယားနိုင်ငံဆိုင်ရာ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူကို ပြည်သူ့စစ်နှင့် နယ် ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး (ကကနယ) ညွှန်ကြားရေးမှူးအဖြစ် အသီးသီး ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်ထံမှ သိရသည်။