ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နာမည်ကြီး သတင်းဌာနတွေဖြစ်တဲ့ CNN၊ MS NOW နဲ့ Politico တို့ကို အိမ်ဖြူတော်မှာ သတင်းယူခွင့် ချက်ချင်း ပိတ်ပင်လိုက်ကြောင်း စက်တင်ဘာ ၁၈ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒီသတင်းဌာနတွေဟာ အမေရိကန်အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး သတင်းအမှားတွေနဲ့ လိမ်လည်မှု တွေ မဟုတ်မမှန် ဆက်တိုက် ဖော်ပြနေတာကြောင့် သတင်းယူခွင့် ပိတ်ပင်ရတာလို့ ဒေါ်နယ်ထရမ့်က Truth Social မှာ ရေးသားပါတယ်။
အခုလို ပိတ်ပင်လိုက်တာကို ဂုဏ်ယူကြောင်းနဲ့ သတင်းဌာနတွေအနေနဲ့ အမေရိကန်သမ္မတနဲ့ အ စိုးရအဖွဲ့အကြောင်း လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကို ဆက်တိုက် ရေးသားခွင့် မရှိသင့်ဘူးလို့ သူက ဆိုပါတယ်။
အမည်ပြောင်းလဲထားတဲ့ MS NOW ဌာနကို ကြည့်ရှုသူနည်းပါးပြီး ယုံကြည်မှု မရှိတော့လို့ နာမည် ပြောင်းတာလို့ ဒေါ်နယ်ထရမ့်က ပြောသလို Politico ကိုလည်း ဘိုင်ဒင်အစိုးရလက်ထက်မှာ တရားမဝင် ဒေါ်လာ ၈ သန်း ရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အခုလို အိမ်ဖြူတော်မှာ သတင်းယူခွင့် ပိတ်ပင်လိုက်တာဟာ အစပဲရှိသေးပြီး နောက်ထပ် သတင်း အမှား ထုတ်လွှင့်တဲ့ မီဒီယာတွေကို ဆက်လက် ပိတ်ပင်မယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးပါတယ်။
ဒီလို လုပ်ဆောင်မှုဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ လွဲချော်နေတာကြောင့် ပြင်းထန်တဲ့ ဝေဖန်စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေ ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် CNN သတင်းအဖွဲ့ဟာ အိမ်ဖြူတော်အ တွင်း ပုံမှန်အတိုင်း ဆက်လက် သတင်းယူနေဆဲဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၂၀၂၅ ခုနှစ်မှာ သမ္မတအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်ချိန်ကစလို့ သူ့ကို ဝေဖန်တဲ့ မီဒီယာတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လေ့ရှိပါတယ်။
အောက်လွှတ်တော် စွမ်းအင်နှင့် ကူးသန်းရောင်းဝယ်ရေး ကော်မတီမှ ဒီမိုကရက်တစ်ခေါင်း ဆောင် ဖရင့်ခ်ပါလုန်းက ဒေါ်နယ်ထရမ့်ရဲ့ လုပ်ဆောင်ချက်ဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီး တာလို့ ဝေဖန်ပါတယ်။
မီဒီယာတွေကို အိမ်ဖြူတော်မှာ သတင်းယူခွင့် ပိတ်ပင်လိုက်ရုံနဲ့ သူ့ရဲ့ ပျက်စီးနေတဲ့ သမ္မတသက် တမ်းဟာ အောင်မြင်သွားမှာ မဟုတ်ဘူးလို့ ပါလုန်းက ပြောပါတယ်။
ကိုးကား – Reuters
Ref; Trump bans three major news outlets from White House, cites ‘fake news’