‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၈ ရက်

‎ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရွေးတုအစိုးရ စစ်တပ်၏ ဗျူဟာမြောက် နယ်ခြား မှတ်တိုင် (၃၀) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် အပြီးသတ် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

KIA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် ခေါင်လန်ဖူး၊ အမတ်ပေါ်ဒေသရှိ နယ်ခြားစောင့်စခန်း အမှတ် (၃၀) ကို ‎ယနေ့ နေ့လယ်ပိုင်းက သိမ်းယူနိုင်ခဲ့ပြီး ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။

‎”BP 30က ရဟတ်ယာဉ်ကွင်းပါ စခန်းကြီးကို KIAက သိမ်းလိုက်နိုင်ပါတယ်”ဟု ကချင်စစ်ရေးသတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎သိမ်းပိုက်ခံလိုက်ရသည့် အဆိုပါ စခန်းကြီးမှာ စစ်တပ်၏ ခလရ -၁၃၇၊ ခလရ -၂၈၀ တပ်ရင်းများနှင့် ပြည်သူ့ စစ်တပ်ဖွဲ့များ ပူးပေါင်းတပ်စွဲထားသည့် စခန်းဖြစ်ပြီး ရဟတ်ယာဉ်ကွင်းပါ ပါဝင်ကြောင်း သိရသည်။

‎ယခုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကာ လက်နက်နှင့် စစ်အသုံး အဆောင် ပစ္စည်းအချို့ကို ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးသူ အရေအတွက် အတိအကျကိုမူ သိရှိရခြင်းမရှိသေးဘဲ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုသည်။

‎ကချင်ပြည်နယ်အတွင်း ရွှေကူ၊ ဗန်းမော်၊ ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွား နေပြီး စစ်တပ်က ကြည်း၊ ရေ၊ လေသုံးကာ စစ်ကူဖြည့်တင်းရန်ကြိုးစားနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အတွင်းက ခေါင်လန်ဖူးဒေသရှိ စစ်စခန်းများအတွင်းကို စစ်တပ်က Y-8 လေယာဉ်များသုံး၍ အင်အားအများအပြားဖြည့်တင်းထားမှုများ ရှိခဲ့သည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ၊